By Mg Dagon / MPA
စစ်ကောင်စီတပ်ထောက်ခံသူများပြားသော ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းသက်ကျော်လွန်သူများအပြင် လူငယ်လူရွယ်တိုင်းကို ညအချိန်များ၌ အိမ်ပေါ်အထိတက်ပြီး စစ်ကောင်စီက ဖမ်းဆီးနေ၍ တိမ်းရှောင်နေကြရကြောင်း ထိုသို့ကြုံတွေ့နေရသူဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့များဖြစ်သည့် ပြည်သူ့စစ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပူးပေါင်း၍ အလစ်အငိုက်ဖမ်းကာ အထက်ပါအတိုင်း လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“တိမ်းရှောင်တယ်ဆိုတာ နှစ်မျိုးရှိတယ်။ တစ်ခုက ကျတော်တို့လို တောထဲမှာ ညသွားအိပ်ပြီး နေ့လယ်အလုပ်ပြန်လာလုပ်တဲ့သူတွေရှိတယ်။ ကျတော်တို့က အသက်ကျော်နေပြီနော်၊ ဒါပေမဲ့ ဖမ်းတယ်။ အဲဒီတော့ ရှောင်ရတယ်။ နောက်တစ်ခုက တခြားဒေသတွေနဲ့ ပြည်ပကို တိမ်းရှောင်ကြရတာမျိုးလည်းရှိပါတယ်” ဟု မအူပင်မြို့နယ်၊ ကျေးရွာတစ်ခုရှိ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ပေါ်တာဆွဲဖမ်းဆီးရာတွင် စစ်မှုထမ်းသက်အကြုံးဝင်သည့်အမျိုးသားများတင်မကဘဲ သန်မာဖျတ်လတ်သည့်အရွယ်ရှိသော အမျိုးသားအားလုံးအပေါ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းနေ ဒေသခံများက ပြောသည်။
“ကျမယောကျ်ားက တကယ်တော့ အသက် ၄၀ ကျော်နေပြီဗျ၊ ဒါပေမဲ့ အရပ်မြင့်မြင့်နဲ့ သန်မာဖျတ်လတ်ပုံပေါက်တော့ အဆွဲခံရနိုင်တယ်။ သူတို့က အကုန်လုံးကိုဆွဲတာ ကြီးကြီးငယ်ငယ်ပဲ ဖမ်းသွားတာ၊ အနည်းဆုံး ပိုက်ဆံပေးမှ ပြန်လွှတ်တာ၊ မဟုတ်ရင် မလွှတ်ဘူး။ စစ်ထဲ ထည့်လိုက်တာ” ဟု မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာအုပ်စုနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
မအူပင်၊ ဘိုကလေး၊ သာပေါင်း၊ ညောင်တုန်း၊ မြောင်းမြ အစရှိသည့်မြို့နယ်တို့အပါအဝင် မြို့နယ်အချို့ရှိ ကျေးရွာများတွင် ထိုသို့ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
“ဒါက စစ်မှုထမ်းမဲပေါက်သူနဲ့ အစားထိုးဖို့အတွက် လုပ်တာလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မဲပေါက်သူတွေကို ငွေနဲ့လဲခိုင်းနေတာတွေဖြစ်နေတာ အခုကတည်းက မဟုတ်ဘူး။ စစ်မှုထမ်းစကတည်းက ဆိုပါတော့၊ အခုဆို ဈေးတော်တော်တက်လာတယ်” ဟု ဘိုကလေးမြို့နယ်တွင် နေထိုင်သူ အသက် ၅၀ ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
ဘိုကလေးမြို့နယ်အပါအဝင် အနီးမြို့များတွင် စစ်မှုထမ်းအစားထိုးမည်ဆိုပါက ယခင် ကျပ်သိန်း ၃၀ ဝန်းကျင်မှ ယခုတစ်နှစ်ကျော်ကာလအတွင်း ကျပ်သိန်း ၁၂၀ အထိ ပေါက်ဈေးရှိလာကြောင်း ယင်းဒေသရှိ စစ်မှုထမ်းဈေးကွက်အတွင်းမှ သိရသည်။
“ကြားခံကတော့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေပေါ့။ သူတို့ကနေ ညှိပေးတာ။ ကြောက်ရင်ကြောက်သလို ပိုပေးရတယ်။ ငွေညှစ်တဲ့လူအပေါ်မှာမူတည်ပြီး ဈေးကွာတတ်တယ်။ နောက်ဆုံးကျမသိထားတာကတော့ သိန်း ၁၂၀ နဲ့ လူလဲပေးလိုက်ရတယ်” ဟု ထိုသို့ကြုံတွေ့ဖူးသူ ဘိုကလေးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လတ်တလော ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းသက်ကျော်နေသူများအပြင် စက်မှုထမ်းမဲစာရင်းမဲပေါက်သည့် အမျိုးသားများကို လမ်းမများပေါ်တွင် ရှောင်တခင်ဖမ်းဆီးခြင်းများပြုလုပ်လေ့ရှိသကဲ့သို့ ကြိုတင်အသိပေးခြင်းမရှိဘဲ အိမ်တွင်းအထိဝင်ရောက်ဖမ်းဆီးခြင်းများလည်း စစ်ကောင်စီဘက်က အပူတပြင်းလုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြည်သူများထိခိုက်နစ်နာမှုကြီးစေမည့် ၂၀၁၀ ပြည့်နှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အတည်ပြုပြီး တစ်လကျော်အကြာ ဧပြီလအတွင်းမှစတင်၍ ပထမဆုံးအပတ်စဉ်ကို စတင်စခန်းသွင်းခဲ့သည်။
ထို့နောက် ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နေ့တွင် နည်းဥပဒေအဖြစ် စစ်ကောင်စီက ထပ်မံအသက်သွင်းခဲ့သည်။ နောက်ဆုံးအပတ်စဉ်အနေဖြင့် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က အပတ်စဉ် ၁၁ ကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းများတွင် စစ်ကောင်စီက စတင်ထားသည်။
ထို့အပြင် အပတ်စဉ် ၈ အထိ သင်တန်းဆင်းထားရာတွင် အများစုကို ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ထားသည့်အတွက် သေဆုံးသူ၊ ထွက်ပြေးသူများရှိနေသကဲ့သို့ စစ်ကောင်စီတပ်အတွင်း စစ်မှုထမ်းနေရဆဲသူများရှိနေကြောင်း ထွက်ပြေးလာသူ စစ်မှုထမ်းများ၏ ထုတ်ဖော်ပြောကြားချက်များအရ သိရသည်။