By Hsu Yee / MPA
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ပေါ်ရှိ လုပ်ငန်းရှင်များကို PDF နာမည်သုံးကာ ခြိမ်းခြောက် ငွေတောင်းနေကြောင်းသိရသည်။
တောင်တွင်းကြီးမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ရွှေဆိုင်နှင့်ဆန်ဆိုင် လုပ်ငန်းရှင် များကို PDF တို့က စစ်ဆင်ရေးဖော်ဆောင်ရန် ငွေတောင်းခံသည့် စာအတု စစ်ကောင်စီကထုတ်ကာ လိမ်လည်နေကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီး သတင်းထုတ်ပြန်သည်။
“ရွှေဆိုင်နဲ့ဆန်ဆိုင်တွေကို အဓိက စာပို့တာပေါ့။ သိရတာတော့ ကျတော် ဒီနေ့မှသိရတာ။သိသိချင်း ကို ကျတော်တို့ ချက်ချင်း ပြန်လည်ပြီးတော့ တင်တာပေါ့နော်”ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော် တောင်တွင်းကြီးမှ ကိုတက်တူးက MPA သို့ပြောသည်။
ထိုစာကို မတ်လ ၁၆ ရက်က ထုတ်ပြန်ထားပြီး မတ်လ ၁၇ ရက်၊ ညနေသုံးနာရီ၌ ကျပ်ကိုးသိန်း အပြီးလွှဲပေးရမည်ဟု ဖော်ပြထားကြောင်း သိရသည်။
“ဒါကျတော်တို့လုပ်တာမဟုတ်ဘူး စကစဘက်က လုပ်တာဖြစ်တယ်ပေါ့နော်။ ကျတော်တို့အဖွဲ့ကတော့ အဲ့လိုမလုပ်ဘူးဆိုပြီးတော့ ကျတော်တို့ ပြန်ပြောထားတာရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းလုပ်ရပ်ကို တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ထောက်လှမ်းရေးများက လုပ်ဆောင်နေသည်ဟု သိရပြီး အရေးယူနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ဒါမျိုးတွေကို ရဲတွေကတော့ လုပ်နိုင်မှာမဟုတ်ဘူးလေ။ ထောက်လှမ်းရေးလိုမျိုးက သူတွေကပဲ လုပ်နိုင်စွမ်းရှိမှာလေ။ အဲ့တော့ အရေးယူဆောင်ရွက်နိုင်ဖို့လည်း ဖော်ထုတ်နေတယ်။ အချိတ်အ ဆက်တွေလည်းရှိတော့ ဖော်ထုတ်နိုင်စွမ်းလည်းရှိပြီး အရေးယူမှာပါ” ဟု ၎င်းကပြောသည်။
လိမ်လည်သည့်စာ၌ စစ်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဖြစ်သောကြောင့် စစ်ရေး၊ အုပ်ချုပ်ရေး ရန်ပုံငွေ အရေးပေါ်လိုအပ်မှုများကြောင့်ဟုဆိုထားပြီး ရန်ပုံငွေထည့်ဝင်ပြီးပါက လူကြီးမင်းတို့၏ အဆောက်အအုံ၊ အကျိုးစီးပွားကို သတိပြုထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မထည့်ဝင်ပါက အဆောက်အအုံနှင့် အကျိုးစီးပွားတို့ကို ဂရုပြုမည်မဟုတ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီသည် မြို့ပေါ် ရပ်ကွက်များ အတွင်းရှိ ခိုးဆိုးလုနှိုက်များအား ၎င်းတို့၏ လက်ကိုင်တုတ်အဖြစ် ထားရှိကာ ရပ်ကွက်အတွင်းသတင်းယူစေခြင်း နှင့်လူထုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား ယုံကြည်မှုပျက်ပြားအောင်လုပ်ဆောင်နေသဖြင့် ပြည်သူတို့အနေဖြင့် သတိပြု ဆင်ခြင်ကြရန် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီး တိုက်တွန်းထားသည်။