By Ra Wai / MPA
ရန်ကုန်တွင် ဖမ်းဆီးမိသည်ဆိုသော မူးယစ်မှောင်ခိုဂိုဏ်းနှင့် AA တို့ ဆက်စပ်ပတ်သက်နေသည် ဆိုသော စစ်ကောင်စီ၏ စွပ်စွဲချက်မှာ နိုင်ငံရေးသိက္ခာချမှုသာဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသတင်းစာပါ စွပ်စွဲချက်နှင့် မိမိတို့အဖွဲ့အစည်းကြား မည်သို့မျှ ဆက်စပ်မှုမရှိကြောင်း အတိအလင်းပြောကြားလိုသည်ဟုလည်း ULA ကဆိုသည်။
“စစ်ကောင်စီရဲ့ နိုင်ငံရေးအောက်လုံးပစ်တာက သိပ်မထူးဆန်းပါဘူး။AA ကိုရှုံးနေရင် AAကို အောက် လုံးတွေနဲ့သိက္ခာချမယ်။MNDAA၊ TNLA ကိုလည်း မူးယစ်ဂိုဏ်းဆိုပြီး ပြောခဲ့တာပဲ။တကယ့်၊တကယ် မူးယစ်ဆေးတို့ ကျားဖြန့်တို့နဲ့ ပတ်သက်နေတာ စစ်ကောင်စီဆိုတာ သူတို့အဘ တရုတ်ကြီး ကောင်း ကောင်းသိတယ်”ဟု ရခိုင်အမျိုးသားစာရေးဆရာတစ်ဦးက MPAသို့ပြောသည်။
ရန်ကုန်တွင် မူးယစ်မှောင်ခိုဂိုဏ်းကို ကျပ်၉၆ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် သုံးတန်ကျော်၊ကက်တ မင်း ကီလို၂၀၀တို့နှင့်အတူ မတ်လခြောက်ရက်တွင် ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်နှင့်သတင်း ကွင်းဆက်များအရ ယင်းမူးယစ်ဆေးများကို မလေးရှားပင်လယ်ပြင်သို့ ချိတ်ဆက်ပို့ဆောင်ရန်ရှိကာ စီမံခန့်ခွဲသူများထဲတွင် AA စီးပွားရေးတာဝန်ခံနှင့်ဇနီးလည်းပါဝင်ကြောင်း မတ်လ၁၉ရက်ထုတ် စစ် ကောင်စီဝါဒဖြန့်သတင်းစာများ၌ ဖော်ပြထားသည်။

စစ်ကောင်စီသည် မိမိတို့အဖွဲ့အစည်းအား စစ်ရေးအရရှုံးနိမ့်နေသည့် ကာလဖြစ်သည့်အပြင် ပြည်တွင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအလယ်၌ အရှက်ရနေသည့် အချိန်ဖြစ်နေသဖြင့် ရှက်ရမ်းရမ်းကာ မိမိတို့အဖွဲ့အစည်းအား အငြိုးအတေးကြီးစွာဖြင့် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု ရှုမြင်ကြောင်းလည်းULA က ဆိုသည်။
စစ်အာဏာရှင်အစိုးရအဆက်ဆက်သည် ၎င်းတို့အား ခေတ်အဆက်ဆက်၌ တော်လှန်ပုန်ကန်နေကြသူများကို ညှိနှိုင်းဆွေးနွေးရန် မလိုသော ရန်ဘက်များအဖြစ် သတ်မှတ်ပြီး စစ်ရေးအရ ကြီးမားသောတုံ့ပြန်မှုမျိုးနှင့်အတူ သတင်းအမှားအမျိုးမျိုးဖြင့် လုပ်ကြံဖန်တီးတိုက်ခိုက်ခဲ့ကြကြောင်း နိုင်ငံရေးအရ ယိုးစွပ်တိုက်ခိုက်မှုမျိုးပေါင်းစုံကို ၎င်းတို့၏ သတင်းမီဒီယာ၊ ရုပ်သံများမှ ထုတ်လွှင့်ပြသပြီး တိုက်ခိုက်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး၊ ယခုသတင်းပါကိစ္စရပ်သည်လည်း မိမိတို့အဖွဲ့အစည်းအပေါ် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုမျိုးသာဖြစ်ကြောင်း ULAကဆိုသည်။
ကရင် (KNU)၊ ကချင် (KIO)၊ ကိုးကန့် (MNDAA) အစရှိသည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ပွဲပြင်းထန်နေသော ကာလများ၌လည်း မည်သည့်ကိစ္စမဆို ယင်းအဖွဲ့အစည်းများအပေါ် အပြစ်ပုံချကာ ထိုးနှက်တိုက်ခိုက်ခြင်း၊ စစ်ရေးအရအရေးနိမ့်သောအချိန်များ၌ နိုင်ငံရေးအောက်လုံး၊ ထိုးနှက်ချက်၊ သိက္ခာချမှုများကို အချိန်ကိုက်ပြုလုပ်လေ့ရှိသည်မှာ စစ်အစိုးရအဆက်ဆက်၏ လုပ်လေ့လုပ်ထရှိသည့် နိုင်ငံရေးယုတ်မာမှုဖြစ်ကြောင်း ထုတ်ပြန်သည်။
ယင်းသို့ ဒုစရိုက်မှုများ၊ မူးယစ်ဆေးဝါးကိစ္စများအပြင် ခေတ်သစ် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖျန့်ကိစ္စများမှာ စစ်ကောင်စီထိန်းချုပ်ထားသောနေရာများ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)၊ စစ်ကောင်စီက ခေတ်အဆက်ဆက် လက်သက်မွေးထားသော ပြည်သူ့စစ်များ ကြီးစိုးထိန်းချုပ်ရာ နယ်မြေများနှင့် အကျင့်ပျက်အဂတိလိုက်စား လာဘ်ပေးလာဘ်ယူ စစ်ဗိုလ်ချုပ်ကြီးများ ပိုင်ဆိုင်သောနေများ၌သာ အဓိကတွေ့ရလေ့ရှိကြောင်းယင်းလောင်းကစား၊ မူးယစ်ဆေးဝါးကိစ္စရပ်များအားလုံးတွင် ခြစား၊ လာဘ်စား စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများ၏ ပါဝင်ပတ်သက်မှုများရှိနေပြီး ၎င်းတို့၏ လက်ချက်များဖြစ်သည်ကို ငြင်းမရသော သက်သေအထောက်အထားများက သက်သေခံလျက်ရှိသည်မှာ ကမ္ဘာသိပင်ဖြစ်ကြောင်းလည်း ထုတ် ပြန်ထားသည်။
လက်ရှိအချိန်၌ စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့အပြား၌ ၎င်းတို့၏ စစ်ရေးအရအရေးပါသည့် တိုင်းစစ်ဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ တပ်မ၊ တပ်ရင်းဌာနချုပ်များ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေသည့် အချိန်၌ ယင်းသို့ မူးယစ်ဆေးဝါးကိစ္စရပ်များနှင့် အတင်းဆက်စပ်ပြီး သတင်းရေးသားနေသည်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA/) ကို နိုင်ငံရေးအောက်လုံးများဖြင့် အချိန်ကိုက်ထိုးနှက်တိုက်ခိုက်သော လုပ်ရပ်၊ နိုင်ငံရေးသိက္ခာချသောလုပ်ရပ်ဖြစ်သည့်အပြင် ၎င်းတို့၏ အထင်အရှားကျူးလွန်နေသည့် ပြစ်မှုများကို မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်လွှဲချသော လုပ်ရပ်များသာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။