By Nway / MPA
စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအနေနှင့် ရဲရင့်ထိရောက်သည့် ဆောင်ရွက်ချက်များ ချမှတ်လုပ်ဆောင်ရန် NUG အစိုးရက တိုက်တွန်းလိုက်သည်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်၊ “အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူ လူထုအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်ကျူးလွန်လာမှုနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်းဖော်ပြထားပြီး ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် အာဆီယံအနေနှင့် လူ့အခွင့်အရေး နှင့် ဒေသတွင်းလုံခြုံရေး အပေါ် ထားရှိသည့် ကတိကဝတ်များကို ဆက်လက်စောင့်ထိန်းရန် တိုက်တွန်းထားသည်။
“ထုတ်ပြန်ချက်တစ်စုံလုံးကို ချုပ်လိုက်ရင် အကြမ်းဖက်စစ်တပ်ရဲ့ ကြောက်မက်ဖွယ်ကောင်းလှတဲ့ ပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှုတွေကို အာဆီယံအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ လို အပ်နေပြီလို့ ပြောလိုက်တာ။အာဆီယံအနေနဲ့လည်း ဒီဘဝမှာတော့ စစ်ကောင်စီကို ထိရောက်တဲ့အ ရေးယူမှုတွေ မလုပ်နိုင်တာ သိပ်သေချာနေပါတယ်။အာဆီယံရဲ့ မြန်မာ့အရေးကိုင်တွယ်မှုက မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတဲ့ပုံစံမျိုး လူကြားကောင်းရုံအဆင့်ပဲရှိတယ်။ဘာပဲဖြစ်ဖြစ် NUG အနေနဲ့ အခု လိုပြောသင့်ပြောထိုက်တာ ပြောရမှာပါပဲ” ဟု ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPA သို့ပြောသည်။
အာဆီယံအဖွဲ့အနေဖြင့် ယခုအချိန်တွင် ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်ကာ မြန်မာပြည်သူလူထု၏ ဆန္ဒများနှင့်ကိုက်ညီသော မြန်မာပိုင်၊ မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ် တစ်ရပ်ကို ပံ့ပိုးကူညီပေးနိုင်ရန် တိကျပြတ်သားသည့် ဆောင်ရွက်ချက်များ ချမှတ်ဆောင်ရွက်နိုင် မည့် အခွင့်အလမ်းများ ရှိနေကြောင်းယခုအချိန်အခါသည် မြန်မာနိုင်ငံရှိ ပြည်သူတစ်ဦးချင်းစီတိုင်း၏ တရားမျှတမှု၊ ငြိမ်းချမ်းမှု နှင့် ဂုဏ်သိက္ခာတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်မည့် ဆောင်ရွက်ချက်များအား ပြတ်ပြတ်သားသား ဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာပြည်သူလူထုသည် နေ့စဉ်နှင့်အမျှ ကြီးမားလှသည့် ဆင်းရဲဒုက္ခများစွာကို ရင်ဆိုင် ကြုံတွေ့နေ ရသည်ဖြစ်ရာ တိကျပြတ်သားသည့်အရေးယူဆောင်ရွက်မှုများကို အရေးတကြီး လိုအပ် လျက်ရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဘုန်းကြီးကျောင်းအား မကြာသေးမီက လေကြောင်းတိုက်ခိုက်မှုနှင့် နိုင်ငံအနှံ့ကျေးရွာများကို ဖျက်ဆီးမှုများကဲ့သို့သော စစ်အုပ်စု ၏ စစ်ရေးတိုက်ခိုက်မှုများကြောင့် ပြည်သူလူထုမှာ နေအိမ်များမှ အတင်းအကျပ် စွန့်ခွာထွက်ပြေး နေကြရပြီး၊ စာသင်ကျောင်းနှင့် ဆေးရုံကဲ့သို့သော အရေးကြီးအဆောက်အအုံများ ဖျက်ဆီးခံရကြရကာ အကြီးအကျယ် ဒုက္ခရောက်ကြရကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ မှတ်တမ်းတင်ထားသော အချက်အလက်များ အရ စစ်အုပ်စုသည် အရပ်သားပြည်သူဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု ၂,၁၉၀ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်ပေါင်း ၃၇၂ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း NUG ကဆိုသည်။
မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် တို့ရှိ ဘာသာရေးဆိုင်ရာနေရာများနှင့် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေမှုများသည် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း၏ ဆိုးရွားလျက် ရှိသည့် အခြေအနေကို ဖော်ပြလျက်ရှိကြောင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် အရပ်သားသေဆုံးမှု ဆက်လက်မြင့်တက်နေပြီး၊ အရေးကြီးသော အခြေခံအဆောက်အဦ များလည်း ပိုမိုပျက်စီးဆုံးရှုံးလာသည်ဖြစ်ရာ၊ မြန်မာပြည်သူကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ထိန်းသိမ်းရန်အတွက် ခိုင်မာ အားကောင်းပြီး စည်းလုံးညီညွတ်သည့် နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်ချက်များ အရေးတကြီး လိုအပ်လျက်ရှိကြောင်းလည်း ဆိုသည်။
နိုင်ငံတကာ၏အာရုံစိုက်မှုများသည် ယူကရိန်းအရေးအပေါ်၌သာ ဆက်ရှိနေရာ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံရှိ ပိုမိုဆိုးရွားလာသောအကျပ်အတည်းကို ဦးဆောင်၍ ကိုင်တွယ်ဖြေရှင်းနိုင် မည့် အရေးပါသည့် အခွင့်အလမ်းတစ်ရပ် ရှိနေကြောင်း ထုတ်ပြန်ထားသည်။