By Mg Dagon / MPA
မြန်မာပြည်အလယ်ပိုင်းဒေသက စစ်ဘေးရှောင်အများအပြား၏ နားခိုရာ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်အမည်ခံ ပျူစောထီးများက မြို့နေလူထုကို ငွေညှစ်မှု ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိစစ်ကောင်စီက ကန့်သတ်ထားသည့် မိုဘိုင်းလ်ဖုန်းများအတွင်း တော်လှန်ရေးနှင့်ဆက်စပ်သည့် အကြောင်းအရာများ၊ VPN နှင့် Facebook အပ်ပလီကေးရှင်းများမတွေ့ရသည့်အပြင် ကန့်သတ်ချက်အားလုံးကင်းရှင်းသူများသည် စစ်ကောင်စီလက်အောက်ခံများ၏ အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်ခံနေရခြင်းဖြစ်သည်ဟု ကြုံတွေ့နေရသူများက ပြောသည်။
“အခုဆို မန်းလေးမှာ ဆိုးလာတာ ရှိတယ်။ VPN လည်း မပါဘူး။ ဖေ့ဘွတ်ခ်လည်း မရှိဘူး။ အဲဒီလိုမျိုးဆို သူတို့ စည်းစနစ်အရ လွတ်တယ်ပေါ့။ ဒါပေမဲ့ လက်ဖက်ရည်ဖိုး ပေးထားခဲ့ဆိုတာမျိုးတွေ ကြားရတယ်” ဟု မန္တလေးမြို့တွင်နေထိုင်နေသူ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းဖြစ်ရပ်သည် ကိုယ်တိုင်ကြုံတွေ့ရခြင်းမဟုတ်သော်လည်း ၎င်း၏ အတူနေ သူငယ်ချင်းကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်းကို အဆိုပါအမျိုးသားက MPA သို့ ပြန်လည်ပြောပြခြင်းဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံများ၏ ငွေညှစ်ခံရမှုပုံစံများမှာ တူညီကြသော်လည်း ပမာဏမှာမူ တစ်ဦးနှင့် တစ်ဦးမတူညီကြောင်း မန်းမြို့ခံများက ပြောသည်။
“အဲဒီလိုတွေ အခုနောက်ပိုင်းအမြဲတမ်းကြားနေရတယ်။ တစ်ယောက်နဲ့ တစ်ယောက်က ပမာဏတော့ မတူဘူး။ ဘယ်လောက်ရယ်လို့တော့ မဟုတ်ပေမဲ့ များများပါရင် များများယူတယ်။ မဖြစ်မနေ သုံးဖို့အတွက်ပါရင်လည်း အကုန်သိမ်းတယ်။ တစ်ခုဆို ထမင်းစားစရာ ဒါပဲ ပါပါတယ်ဆိုရင်တောင် မင်း ထမင်းမစားတော့နဲ့ ငါတို့ သိမ်းထားတဲ့ ငှက်ပျောသီးစားလိုက်၊ ဖရဲသီးယူသွားလိုက်ဆိုပြီး ပေးလိုက်တယ်။ အဲဒီလိုမျိုးတွေ ဖြစ်လာတာ။ အချို့ သစ်သီးသယ်တွေဆီက သိမ်းလိုက်တဲ့ အသီးအနှံတွေကို ပြန်ပေးလိုက်တာမျိုး ရှိတယ်” ဟု နောက်ထပ် မန်းမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်အောက်ခံများသည် အထိုင်ဂိတ်များအပြင် ရှောင်တခင်ချသည့်ဂိတ်များမှ ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးပြီးနောက် ထိုသို့ကျူးလွန်နေကြခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ဒေသတို့တွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိုးစစ်ပြင်းထန်လာပြီးနောက်ပိုင်း မန္တလေးတိုင်းအတွင်းသို့ တိမ်းရှောင်လာသူများ များပြားလာခဲ့ပြီးနောက် ယင်းကဲ့သို့ဖြစ်ရပ်များ တစ်နေ့တခြား ပိုမိုဆိုးရွားလာခဲ့သည်ဟု မန်းမြို့ခံများက ပြောသည်။
“မန္တလေးက စစ်ရှောင်တွေကျပ်လာတော့ ပိုဆိုးတယ်။ အတင့်ရဲတာကတော့ မပြောပါနဲ့တော့ဗျာ။ အဲဒါတွေကြောင့် ကျွန်တော်ဆို အိမ်မှာပဲ နေဖြစ်တာများတယ်” ဟု မန္တလေးမြို့တွင် လာရောက်စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းဖြစ်ရပ်များမှာ မန္တလေးမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် လက်အောက်ခံ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့ဝင်များကြီးစိုးသည့် မြို့များတွင် ပိုမိုဆိုးရွားစွာ ပြုလုပ်နေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။
“မန္တလေးမြို့ပေါ်မှာတော့ အဲဒီလိုဖြစ်ရပ်မျိုး နည်းပါတယ်။ စက်မှုဘက်တွေက ပျူတွေကြီးစိုးတော့ ဆိုးတယ်။ ကျွန်မတို့မြို့ထဲဘက်တော့ မကြုံဖူးသေးဘူး။ မြို့သစ်ဘက်တွေတော့ သတင်းကြားတယ်။ ပျူတွေ ကြီးစိုးတဲ့နေရာမျိုးတွေမှာလုပ်တာ” ဟု မန္တလေးမြို့ခံ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ မန္တလေးတိုင်းနှင့် အနီးဆုံးထိစပ်နေသည့် ရှမ်းပြည်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ကြားက တိုက်ပွဲများ စသည်တို့အပြင် စစ်ကောင်စီ၏ လေကြောင်းဗုံးဒဏ်များကြောင့် အနီးစပ်ဆုံးဘေးကင်းလွတ်ရာ မန္တလေးတိုင်းအတွင်းသို့ ယင်းဒေသခံများ တိမ်းရှောင်နေကြရသည်။
ထိုဒေသခံပြည်သူများအပြင် ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ ထိုးစစ်နှင့် စစ်ကောင်စီ၏ လေကြောင်းဒဏ်တို့ကြောင့် ဗန်းမော်မြို့အပါအဝင် အခြားဒေသများမှ မန္တလေးတိုင်းအတွင်းသို့ ရှောင်တိမ်းလာသူများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။