By Hlaing / MPA
ကချင်ပြည်နယ်တွင် CDM များအပါအဝင် အရပ်သားများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လူသစ်စုဆောင်းနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ထိုကဲ့သို့ KIA က လူသစ်စုဆောင်းရာ၌ လူမျိုးခွဲခြားထားခြင်းမရှိဘဲ ကချင်ပြည်နယ်အတွင်း နေထိုင်သည့် လူငယ်များအား တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ဒေသခံများကို ကြေညာထားခြင်းလည်းဖြစ်သည်။
“ အရင်ကဆို ကချင်ဆို တစ်အိမ်တစ်ယောက်ပေါ့။ ဒီလထဲမှာပဲ သတင်းကြားတာ။ အခုက ကချင်ပြည်နယ်မှာ နေရင်ကို တစ်အိမ်တစ်ယောက်ဖြစ်မယ်လို့ ပြောတယ်။ ခေါ်တာမလာရင် အိမ်ထိလိုက်စည်းရုံးမယ်၊ အဲ့ဒါမှမရရင် ဝင်ဆွဲမယ်ပေါ့ဗျာ” ဟု မြစ်ကြီးနားမြို့တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ လူသစ်စုဆောင်းရာတွင် စစ်ကောင်စီအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ လိုင်ဇာမြို့သို့ ခိုလှုံလာသည့် CDM ဝန်ထမ်းများလည်း ပါဝင်နေကြောင်း သိရသော်လည်း MPA အနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိနေသည်။
“ အခုကတော့ ဘာမှမကြားသေးဘူး။ မနှစ်ကလည်း လမ်းဘေးတွေ့တဲ့လူ ဆွဲတာမျိုးရှိတယ်လို့ ကြားဖူးတယ်။ ကိုယ်တိုင်တော့ မကြုံဖူးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သတိနဲ့နေရင်တော့ ကောင်းတယ်” ဟု လိုင်ဇာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ကချင်ပြည်နယ်အတွင်းရှိ အင်းတော်ကြီး၊ မိုးညှင်းနှင့် စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်များတွင်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လူသစ်စုဆောင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ KIA က အင်းတော်ကြီး၊ မိုးညှင်း၊ မိုးကောင်းဘက်တွေမှာ ပေါ်တာဆွဲတာ။ ကျမ ကြုံခဲ့ရတာ ၂၀၂၃ ထဲမှာ။ ဒီနှစ် နှစ်စပိုင်းမှာလည်း ပြန်ဆွဲတာကြားမိတယ်။ အဲ့ဒီဘက်တွေမှာ SNA ဘက်ကလည်း တပ်သားစုဆောင်းတာတွေလည်းရှိတယ်။ နှစ်ဖက်လုံးက လူသစ်စုဆောင်းနေတာ” ဟု ကိုယ်တိုင်တွေ့ကြုံခဲ့သည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စစ်ကိုင်း – ကချင်နယ်စပ်ရှိ အင်းတော်နှင့် မော်လူးမြို့ရှိ ကျေးရွာများမှ လူငယ်များကိုလည်း မိမိသဘောဆန္ဒအရစစ်မှုထမ်းရမည်ဖြစ်ပြီး မထမ်းလျှင် ပေါ်တာဆွဲမည်ဟု KIA က လာရောက်ပြောဆိုခဲ့ကြောင်း Myanmar Now သတင်းဌာန၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဗန်းမော်မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိနေပြီး၊ စစ်ကောင်စီဘက်မှလည်း ဗန်းမော်မြို့လက်မလွှတ်ရရေးအတွက် ခုခံတိုက်ခိုက်လျက်ရှိနေသည်။
ပြီးခဲ့သည့် မတ် ခြောက်ရက်ကလည်း TNLA နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုများ တွေ့ဆုံရာ၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ၄င်းတို့ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင်လည်း မြို့စောင့်တပ်ဖွဲ့စည်းရန်အတွက်ဟုဆိုကာ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများအား တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။