By Hsu Yee / MPA
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပျူစောထီးရွာနှစ်ရွာတွင် ဒေသခံများကို စစ်သင်တန်းပေးကာ ပျူဇာတ်သွင်းနေကြောင်း သိရသည်။
၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ ပေါက်မြို့နယ်ရှိ ရွှေဘုံသာနှင့် ထန်းတပင်ပျူရွာများမှ ရွာခံအမျိုးသားများကို တစ်အိမ်တစ်ယောက် မတက်မနေရ စစ်သင်တန်းတက်ခိုင်းနေပြီး ရွှေဘုံသာရွာ၌ အမျိုးသား ၂၀ ကျော် ကို ဖေဖေါ်ဝါရီမှစတင်ကာ လက်ရှိအချိန်ထိ သင်တန်းပေးနေဆဲဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ သင်တန်းပြီးရင် ကာဘိုင်ပေးပြီး ကင်းစောင့်ခိုင်းတယ်။ သင်တန်းနားရင် သူတို့ရှေ့မှာ အထိုင်ချထားတဲ့ ဘန်ကာရှေ့တို့ ဘာတို့မှာရှင်းခိုင်းတာမျိုးတို့ ၊ ဒီ ဘန်ကာတွေဘာတွေ တောင့်တင်းအောင် လုပ်ခိုင်းတဲ့နေ့ဆိုရင်တော့ သင်တန်းနားတယ်”ဟု ဒေသတွင်း PDF ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ရွှေဘုံသာရွာမှာ အာဏာမသိမ်းမီကာလက လူဦးရေ ၁၀၀၀ကျော်ရှိပြီး ယခုအခါ လူဦးရေ ၃၀၀ ကျော် သာကျန်တော့ကာ ပျူစောထီး ၅၀ ကျော်နှင့် စစ်သား၁၅ဦးခန့်ရှိကြောင်း သိရသည်။
“PDF တွေရဲ့ လှုပ်ရှားမှုပေါ်မူတည်တာ။ ကိုယ်တွေဘက်က ခပ်လှုပ်လှုပ်ဆို ထန်းတပင်တို့ ဆူးပုတ်ခုံတို့ဘက်ကနေ အင်အားလာတိုးတာမျိုးရှိတယ်။” ဟု ပေါက်ဒေသခံ ကိုနဂါးလေးက ပြောသည်။
သင်တန်းကာလမှာ တစ်လကျော်ကြာမြင့်ပြီး ရွှေဘုံသာရွာ ပျူသင်တန်းကို ကပစ ၂၄ မှ စစ်သားများ လာပေးကြကြောင်း သိရသည်။
“အသက်အရွယ် တော်တော်ကြီးတဲ့သူတော့မတက်ခိုင်းဘူး။ လူငယ်ပိုင်းတွေတက်ခိုင်းတယ်။ လူငယ်တွေကလည်းပျူမလုပ်ချင်တဲ့ကောင်တွေက ထွက်ကြပြီလေ။ အတင်းတက်ခိုင်းခံရတဲ့ ကောင်တွေက အခုနောက်ပိုင်းပိုများလာတာပေါ့။ အခုလောလောဆယ်တော့ ရွှေဘုံသာမှာသင် တန်းပေးနေတယ်။ ဘာလို့ဆို ရွာနားကင်းပုန်းဝပ်ရင် သင်တန်းပေးနေသံကြားရတယ်ပေါ့နော်” ဟု ဒေသတွင်း PDF ရဲဘော်ကပြောသည်။
ထန်းတပင်ရွာမှာ ယခင်က အိမ်ခြေ ၇၀ ကျော်ရှိပြီး တစ်ရွာလုံးမှာ စစ်တပ်ထောက်ခံသူများ ဖြစ်ကြောင်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်အခြားရွာများမှ စစ်တပ်ထောက်ခံသူများပါ လာရောက်နေထိုင်ကြကြောင်း ယင်းရွာတွင် ပေါက်မြို့ပေါ်ရှိစစ်သားများက ပျူသင်တန်း နှစ်ကြိမ်လာပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“အဲ့ရွာက ပေါက်မြို့နဲ့ အနီးလေးဆိုတော့ကာ ပေါက်ကသင်တန်းလာပေးနိုင်တယ်လေ။ ရွာမှာလည်း စစ်သားက ၁၀ယောက်လောက်ရှိတယ် ၊ ပြီးတော့ သူတို့က နဂိုကတည်းကကို ရွာလုံးကျွတ်စစ်တပ်ထောက်ခံတဲ့ရွာဖြစ်နေတာ။ သူတို့က အပတ်စဉ်နှစ်ခု တောင်ပြီးပြီ။ အဲ့မှာက ထန်းတပင်က လူတွေတင်မဟုတ်ဘဲ မိုးကောင်းတို့ ၊ ဆူးပုတ်ခုံတို့ သရက်တောတို့ဘက်ကလူတွေပါ ပေါင်းပြီးသင်တန်းပေးတာ” ဟု ကိုနဂါးလေးက ပြောသည်။
ယင်းရွာများရှိ ပျူစောထီးသင်တန်းမတက်လိုသူများမှာ စစ်ကောင်စီတပ်ထံ ပိုက်ဆံပေးရကြောင်း သိရသည်။
“ပိုက်ဆံပေးနိုင်တဲ့လူကျ မတက်ရဘူး။ နည်းနည်း ပမာဏတော့ နည်းနည်းများတာပေါ့။ လေး၊ ငါးသိန်းလောက်တော့ ပေးရပုံကြတယ်” ဟု PDF ရဲဘော်ကပြောသည်။
ရွှေဘုံသာနှင့် ထန်းတပင်ရွာသည် ရွာချင်းကပ်လျက်ဖြစ်ပြီး ကျောချောင်းခြားထားသည်။