By Mg Dagon / MPA
စစ်ကောင်စီသည် တရုတ်နည်းပညာအကူအညီပေးထားသော လူတစ်ဦးချင်းစိစစ်၊ စောင့်ကြည့်စနစ်(PSMS)ဖြင့် စစ်အာဏာသိမ်းမှုမထောက်ခံသူများ၊ တော်လှန်ရေးသမားများ အပါအဝင် ၎င်းတို့နှင့် ဆက်နွယ်သူများကို ဖမ်းဆီးမှု ပိုမိုလုပ်ဆောင်လာကြောင်း ထိုသတင်းသိရှိသူများထံမှ သိရသည်။
ဆန့်ကျင်သူများကို အပြတ်ချေမှုန်းနေသော စစ်ကောင်စီသည် လက်နက်ကိုင်တော်လှန်နေသူများကို နိုင်ငံတဝန်း ဗုံးကြဲမှုနှင့်အတူ မြေပြင်တွင်လည်း ခြေရာခံစနစ်များအသုံးပြု၍ အမြစ်ဖြတ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့ဝင်များနှင့် အိုင်တီပညာရှင်များက ပြောသည်။
“ဒီစနစ်ကို ဟွာဝေးအကူအညီနဲ့ လုပ်နေတာ ကြာပြီ၊ အခုက လျော့မသွားဘဲ ပိုလုပ်လာတာပါ” ဟု မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်များစုပေါင်းထားသော အညာမြေတပ်ပေါင်းစု၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောသည်။
ထိုသို့စစ်ဆေးခြင်းများကို အညာဒေသ မကွေးတိုင်းအတွင်း စစ်ကောင်စီဂိတ်နှင့် ပျူစောထီးများစိုးမိုးထားသည့် ကျေးရွာများရှိ ဂိတ်များတွင် လုပ်ဆောင်လေ့ရှိသည်ဟု ၎င်းက ဆိုသည်။
“ဖုန်းထဲမှာ NLD အမှတ်တံဆိပ်နဲ့ အမေစုပုံတွေ့ရင်ကို ဖမ်းဆီးတာ၊ ထောင်ချတာနဲ့ ငွေညှစ်တာ။ ပြီးတော့ သတ်ဖြတ်တာတွေကို စခတွေက တောက်လျှောက်ကျူးလွန်ခဲ့တာပါ။ တစ်ခါ PDF ကို ထောက်ပံ့တာ၊ PDF တွေနဲ့ စကားပြောတာ၊ PDF ပုံတွေ တွေ့ရှိတာဆိုရင်တော့ အတိုင်းအဆမဲ့ ပြစ်မှုအဖြစ် သူတို့ထင်သလို ပြုမူတော့တာပါ” ဟု ၎င်းက ပြောသည်။
PSMS စနစ်ဖြင့် ဖမ်းဆီးခံရသူ အများအပြားရှိပြီး အရေအတွက်အားဖြင့် အတိအကျစာရင်းပြုစုထားခြင်းမရှိသည့်အတွက် မသိရှိရသေးသော်လည်း ယခင်ကထက် ပိုမိုများပြားလာနေကြောင်း အညာမြေတပ်ပေါင်းစုနှင့် တော်လှန်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။
တရုတ်နည်းပညာသုံး PSMS စနစ်ကို စစ်ကောင်စီက အဓိကလမ်းများပေါ်ရှိ စစ်ဆေးရေးဂိတ်များ၊ နယ်စပ်တံတားများရှိ ဂိတ်များတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်-၁ မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဖြတ်သန်းရန်ပြင်ဆင်သူ CDM ၁၈ ဦးခန့်သည် UID ခေါ် စမတ်ကတ်မှတစ်ဆင့် PSMS ဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ထိုအကြောင်းသိရှိသူများထံမှ သိရသည်။
ထို့အပြင် မတ်လ ၁၄ ရက်နေ့က ရှမ်းပြည်နယ်၊ ကလောမြို့၊ ကြေးကုန်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့် ဝရမ်းထုတ်ထားသည့် အသက် ၂၇ နှစ်အရွယ်ရှိ မူကြိုဆရာမတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အလားတူ ယင်းနေ့တွင်ပင် ကလောမြို့၊ ရပ်ကွက်(၃)ရှိ Happy Holiday Inn တွင် ခေတ္တတည်းခိုနေသည့် ပုဒ်မ ၅၀(ည)ဖြင့် ဝရမ်းထုတ်ခံထားရသူ အသက် ၂၇ နှစ်အရွယ် ပန်းချီပြခန်း မန်နေဂျာ အမျိုးသမီးတစ်ဦးလည်းဖမ်းဆီးခံခဲ့ရသည်ဟု ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အတ္ထရံတံတား(မော်လမြိုင်) စစ်ဆေးရေးဂိတ်၌ ၅၀ (ည)ဖြင့် မိထ္တီလာရဲစခန်းက ဝရမ်းထုတ်ခံထားရသူ ကိုစွမ်းပြည့်စုံဆိုသူ ဖမ်းမိကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းဌာနများတွင် ဖော်ပြထားသည်။
ထို့ကြောင့် တော်လှန်ရေးနှင့်ပတ်သက်ဆက်နွယ်နေသူများအနေဖြင့် စမတ်ကတ်မှစ၍ ဖုန်းဆင်းကတ်များအထိ ကင်းကင်းရှင်းရှင်းနေမှသာ အန္တရာယ်ကင်းနိုင်မည့်အခြေအနေဖြစ်ကြောင်း အိုင်တီပညာရှင်များက ပြောသည်။
“UID မလုပ်ရင်လည်း ခရီးသွားတဲ့အခါ အခက်အခဲရှိတယ်။ အဲဒါမပါရင် သွားလို့မရဘူး။ အခုထိ မလုပ်တဲ့သူတွေလည်း ရှိနေဆဲဆိုပေမဲ့ မဖြစ်မနေဆိုတော့ လုပ်လာရတာပေါ့။ အခုက ဘယ်လိုလည်ပတ်နေလဲဆိုတော့ အတတ်နိုင်ဆုံး လွတ်အောင်နေမယ်ဆိုတာမျိုး ဖြစ်နေပြီ။ တော်လှန်ရေးကို အကူအညီပေးတာလည်း ပေးပေါ့နော်။ ကျွန်တော်တော့ တော်ရုံအပြင်မထွက်တော့ဘူး” ဟု ပြည်တွင်းရှိ အိုင်တီပညာရှင်တစ်ဦးက ပြောသည်။
ထို့အပြင် မိုဘိုင်းလ်ငွေပေးချေမှုနှင့် ဆင်းကတ်များမှတစ်ဆင့် ခြေရာခံမှုများကို ကင်းလွတ်နိုင်ရန်လည်း အသုံးမပြုဖြစ်သည့် ဆင်းကတ်များကို သုံးလာကြသည်ဟု ၎င်းက ပြောသည်။
“Wave Pay Agent တွေကို တစ်ဖက်လှည့်နဲ့ လွှဲကြတယ်။ အခုနောက်ပိုင်း လွှဲတဲ့သူ ဖုန်းနံပါတ်တွေ Note မှာ ရေးခိုင်းတာတွေ ဖြစ်လာတယ်။ တချို့ဆို မသုံးဖြစ်တဲ့ ဖုန်းနံပါတ်တွေ ထည့်တဲ့အကွက်တွေတောင် လုပ်ကြတယ်။ ဆိုလိုတာက Sim Card တော့ ရှိတယ်။ ဒါပေမဲ့ ဖြုတ်ထားမိတာမျိုးနဲ့ပေါ့လေ” ဟု ၎င်းက ပြောသည်။
ပြည်တွင်းမှာနေထိုင်သူများအနေဖြင့် စစ်ကောင်စီအရိပ်အောက်က လွတ်နိုင်သူအတော်နည်းပါးပြီး လွတ်မြောက်နယ်မြေများရှိသူများသည်လည်း ဖုန်းဆင်းကတ်နှင့် အင်တာနက်များရယူသုံးစွဲမှုရှိနေသေးခြင်းကြောင့် မလွတ်မြောက်နိုင်သေးကြောင်း ရန်ကုန်မြို့နေ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
“ဆင်းကတ်တွေသုံးနေရတာကိုက သူတို့စနစ်ထဲဝင်နေရတာပဲ။ ပြီးတော့ UID။ နောက် သန်းခေါင်စာရင်း အစုံပါပဲ။ သူတို့ထဲက လူတချို့ကကောင်းနေသေးလို့သာ အကုန်အဖမ်းမခံရသေးတဲ့သဘောပါပဲ။ ကျွန်တော့်အကြောင်းသိချင်ရင် တစ်နေ့ ဘယ်ကိုသွားပြီး ဘာလုပ်တယ်ဆိုတာ စကစက သိအောင်လုပ်ဖို့ အလွယ်လေးပါ။ အခုလို နည်းပညာသစ်တွေကြောင့် ပိုလို့တောင် ဂရုစိုက်ရမယ့်အနေအထားပါ” ဟု ၎င်းက မှတ်ချက်ပြုသည်။
PSMS (Person Scrutinization and Monitoring System)သည် လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် စိစစ်ခြင်းနှင့် ထိန်းသိမ်းစောင့်ကြည့်ခြင်းများကို တိကျစွာလုပ်ဆောင်နိုင်သည့် တရုတ်နည်းပညာကုမ္ပဏီ Huawei က အကူအညီပေးနေသည့် ယန္တရားတစ်ခုဖြစ်သည်။
PSMS ကို AI, Facial Recognition, CCTV Analysis, Biometric Data နည်းပညာတို့ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်း၏ သီးသန့်ကိုယ်ရေးအချက်အလက်များကို အလွယ်တကူစောင့်ကြည့်နိုင်သည်။
ထိုစနစ်ကို တွင်ကျယ်စွာအသုံးပြုနိုင်ရန် Smard Card (UID) များကို စစ်ကောင်စီက တီထွင်ပြီး အဓမ္မပြုလုပ်စေခဲ့ခြင်းဖြစ်သည်။