By Ra Wai / MPA
စစ်မှုထမ်းအဌားလိုက်မည့်သူ ရှားပါးလာခြင်းကြောင့် ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်များ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားမှု များလာကြောင်း သိရသည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူတို့မှာ စစ်မှုထမ်းအပတ်စဉ်တစ်မှ စတင်ကာ ပြည်နယ်အစိုးရက အဓမ္မခွဲတမ်းချပေးသည့် စစ်မှုထမ်းလိုက်ရမည့် အရေအတွက်အတိုင်း ငွေပေး၍ ဌားရမ်းလျက်ရှိရာ စစ်မှုထမ်းအပတ်စဉ်ကိုးမှစ၍ အဌားလိုက်မည့်သူ ရှားလာကြောင်း စစ်မှုထမ်း အဌားလိုက်မည့်သူမရှိပါက စစ်မှုထမ်းအကျုံးဝင် ဒေသခံလူငယ်များကို အဓမ္မစစ်မှုထမ်းခိုင်းနိုင်သဖြင့် ထိုင်းသို့ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“အရေအတွက် အတိအကျ မသိပေမဲ့ ၂၀၂၅ နှစ်စကစပြီး တောက်လျှောက် ထိုင်းသွားနေကြတယ်။ အောက်လမ်းကနေ သွားကြတယ်။လူဌားမရလို့ဆိုပြီး စစ်တပ်က မလိုက်ခိုင်းမှာ မဟုတ်ဘူးလေ။လူ ဌားမရရင် ရှိတဲ့လူ စစ်မှုထမ်းလိုက်ရမှာဆိုတော့ မပြေးချင်ဘဲ ပြေးကြရတာ”ဟု ၎င်းက MPA သို့ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများမှာ ၁၉၉၀ ပြည့်နှစ်လွန်ကာလမှစတင်ကာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသောကြောင့် ထိုင်း၌ လူခံများရှိကြကြောင်း သိရသည်။
“ဟိုမှာ (ထိုင်း) က လူခံပေါတယ်။ ပြဿနာကသွားရတာ လမ်းခရီးခက်တာ။ ကိုယ့်နိုင်ငံမှာကျတော့ တိုက်ပွဲများတယ်။ ထိုင်းဘက်ကျတော့ အဖမ်းအဆီးများတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုင်းနိုင်ငံသို့ ပွဲစားများဖြင့် အောက်လမ်း (တရားမဝင်ခိုးဝင်ခြင်း) မှ သွားကြရပြီး ထိုင်း၌ အလုပ်ရသည်အထိဆိုပါက ကျပ်သိန်း ၅၀ ဝန်းကျင် ဝန်ဆောင်ခ ပေးရကြောင်း သိရသည်။
စစ်မှုထမ်း အပတ်စဉ် ၁၀ မှစတင်ကာ စစ်မှုထမ်းအဌားလိုက်မည့်သူ ရှားလာသဖြင့် ယခင်က စစ်မှုထမ်း ဌားရမ်းခ ကျပ်သိန်း ၅၀ ရှိရာမှ သိန်း ၆၀ အထိ ဈေးတက်သွားကြောင်း သိရသည်။