By Mg Dagon / MPA
ရန်ကုန်တိုင်းထဲက ဆင်ခြေဖုံးမြို့နယ်များဖြစ်သော ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့တွင် နေထိုင်သည့် ဆင်းရဲနွမ်းပါးသူအချို့သည် စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် စာရင်းလာပေးသူများ ရှိနေကြောင်း ထိုအကြောင်းသိရှိထားသူများထံမှ သိရသည်။
အသက် ၃၀ အထက်ရှိသည့် အမျိုးသားအချို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များထံ လာရောက်ဆန္ဒပြုခြင်းဖြစ်သည်ဟု သိရသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ ကိစ္စရှိလို့ ရပ်ကွက်ရုံးကို ခဏသွားတာ၊ ကောင်လေးနှစ်ယောက်က လာပြီး စစ်မှုထမ်းချင်လို့ စာရင်းလာပေးတာ။ ဘေးချင်းကပ်ပဲ။ ကျမဆို ယုံတောင်မယုံနိုင်ဘူး။ ပုံစံတွေကတော့ အရက်သမားပုံစံ ခပ်နွမ်းနွမ်းတွေပါ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ရွှေပြည်သာမြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။
ယင်းကဲ့သို့ ကိုယ်တိုင်စစ်မှုထမ်းလိုသူများရှိနေခြင်းကြောင့် ယနေ့အထိ ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်အများစုတွင် စစ်မှုထမ်းမဲနှိုက်ခြင်း၊ စာရင်းပါသည်ဆိုသည့်ကိစ္စရပ်များနှင့် ငွေကြေးကောက်ခံခြင်းများ မရှိသလောက်ရှားပါးသည်ဟု မြို့ခံများက ပြောသည်။
“ကျတော်တို့ ရပ်ကွက်ဘက်တွေတော့ စစ်မှုထမ်းနဲ့ပတ်သက်ပြီး ဘာမှမကြားဘူး။ ငွေကောက်တာလည်းမရှိဘူး။ ကင်းကြေးတော့ တစ်လသုံးထောင်ကောက်တယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ရွှေပြည်သာမြို့နယ်အတွင်း လှိုင်သာယာ၊ မှော်ဘီမြို့နယ်တို့နှင့်ထိစပ်သည့် ရပ်ကွက်များတွင် စစ်မှုထမ်းများထောက်ပံ့ရန်ဟုဆိုကာ ငွေကြေးကောက်ခံမှုအချို့ရှိနေသော်လည်း ပမာဏအတိအကျကိုမူ မသိရသေးကြောင်း ယင်းမြို့နယ်သတင်းများလိုက်လံနားစွင့်နေသူ နောက်ထပ် အမျိုးသားတစ်ဦးကလည်း ပြောသည်။
“ကျတော်တို့မြို့နယ်ထဲမှာ စစ်မှုထမ်းတွေစခေါ်ခဲ့တဲ့အချိန်ကနေ အခုချိန်ထိ ဆိုးဆိုးရွားရွား စစ်မှုထမ်းကြောင့်ဖြစ်တာမကြားဖူးသေးဘူး။ သူ့ဘာသူ ကြိတ်ဖြေရှင်းလိုက်ကြလို့လားမသိဘူး။ ဟိုးလေးတကျော်ကျော်ဖြစ်တဲ့ဖြစ်ရပ်မျိုးမရှိသေးဘူး။ ဒါမှမဟုတ် ရပ်/ကျေးအဖွဲ့ဝင်တွေကပဲ သူ့ဘာသူ လူစုတာများ ကောင်းလို့များလား။ ခုနပြောသလို ကိုယ်တိုင်စစ်မှုထမ်းချင်တဲ့သူတွေ ရှိနေလို့များလား။ တိတိကျကျတော့ မပြောတတ်ဘူး” ဟု ၎င်းက ပြောသည်။
အလားတူ ရွှေပြည်သာမြို့နယ်နှင့်ကပ်လျက် ဆင်ခြေဖုံးမြို့နယ်တစ်ခုဖြစ်သော လှိုင်သာယာမြို့အတွင်းတွင်လည်း ကိုယ်တိုင်ဆန္ဒလာပြုသူအချို့ရှိနေကြောင်း သိရသည်။ သို့သော် ရွှေပြည်သာမြို့နယ်ကဲ့သို့မဟုတ်ဘဲ လှိုင်သာယာတွင် လစဉ်နီးပါး စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံမှုများပြုလုပ်ခံရကြောင်း ယင်းမြို့ခံများထံမှ သိရသည်။
“စစ်မှုထမ်းချင်သူတွေရှိနေလို့ နင်တို့သားသမီးတွေ အခေါ်မခံရတာလို့ ကျမတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောဖူးတယ်” ဟု လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ စစ်မှုထမ်းသက်အကြုံးဝင်သည့် သား/သမီးရှိသူ မိခင်တစ်ဦးက ပြောသည်။
ထို့အပြင် ၎င်းတို့ရပ်ကွက်အတွင်း တစ်လလျှင် ကျပ် နှစ်သောင်းမှ သုံးသောင်းခွဲအထိ လစဉ်စစ်မှုထမ်းစရိတ်ပေးနေရကြောင်း ပြောသည်။
“ အဲဒါက တော်သေးတယ်။ အဆိုးဆုံးက တစ်အိမ်တည်းမှာ စစ်မှုထမ်းသက် ငါးယောက်ရှိရင် ငါးယောက်စာလုံးပေးရတာပဲ၊ လူတွေက ကိုယ့်စားဝတ်နေရေးအပြင် စစ်မှုထမ်းစရိတ်ပါ ထပ်ဆောင်းရှာနေကြရတယ်” ဟု အသက် ၅၀ ကျော်အရွယ်ရှိအမျိုးသမီးက ဆက်ပြောသည်။
လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များတွင် အထက်ပါအတိုင်းလုပ်ဆောင်နေသည့်အပြင် ရန်ကုန်တိုင်းအတွင်းရှိ အခြားမြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံများက စစ်မှုထမ်းလူစုဆောင်းမှုများကို ကြမ်းကြမ်းတမ်းတမ်းပြုလုပ်နေဆဲဖြစ်ပြီး ပေါ်တာဆွဲခြင်း၊ ဧည့်စာရင်းမှတစ်ဆင့် ဖမ်းဆီးခြင်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၁ ကို ယမန်နေ့ မတ်လ ၁၇ ရက်နေ့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းများတွင် ဖွင့်ပွဲများပြုလုပ်ခဲ့သည်။