By Nway / MPA
UK နိုင်ငံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေါင်သန်း ၂၀ ကျော် တိုးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် UK နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီကို မူလသတ်မှတ်ငွေ ပေါင် ၄၄ သန်းမှ ပေါင် ၆၆ သန်းကျော်အထိ တိုးမြှင့်ခဲ့ကြောင်း ယနေ့ ( မတ်လ ၁၈ ရက် ) ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်၌ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။
” မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့အကြမ်းဖက်မှုများနဲ့ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထိခိုက်နေရတဲ့ရိုဟင်ဂျာများအပါအဝင် ဒေသခံပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား တိုးမြှင့်ကာ ယူရို ၇၆သန်း ကူညီပေးဖို့ ကြေညာခဲ့တဲ့ ဥရောပသမဂ္ဂ ( EU ) ကိုလည်း ကျေးဇူးတင်ရှိပါတယ် ” ဟု ဦးကျော်ဇောက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း လူသားချင်းစာနာမှုအဖြစ် ကျပ်သန်း ၅၀၀ ကျော်ကို အရေးပေါ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရသည်။
” ကူညီမှုတွေမှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ငါးသောင်းခန့်၊ ကျဆုံးသူရဲကောင်းပြည်သူ ၂၀၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၀ကျော် အတွက် အရေးပေါ်အကူအညီ၊ CDM ဝန်ထမ်း ၊ နိုင်ကျဉ်းနဲ့ သူတို့ရဲ့မိသားစုအတွက် အရေးပေါ်လူသားချင်း စာနာမှုအကူအညီတွေ ပါဝင်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အကျပ်အတည်းများကြား ကြံ့ကြံ့ခံကာ အဘက်ဘက်မှ ဆက်လက်ကူညီ တိုက်ပွဲဝင်နေကြသည့် တော်လှန်ပြည်သူအားလုံးကို လေးစားမှတ်တမ်းတင်ဂုဏ်ပြုကြောင်းလည်း ၎င်းက ပြောသည်။
ပြည်သူလူထုနှင့်အတူ တော်လှန်ရေးကို အဆုံးထိအောင်မြင်အောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ဖျက်သွားမည်ဟု ကတိပြုကြောင်း၊ ယခုထက်ပို၍ ညီညွတ်မှုများရစေရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း ဦးကျော်ဇော်က ပြောသည်။