By Hsu Yee / MPA
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် သုံးလကျော်အတွင်း စစ်ကောင်စီတပ်က လူငယ် ၂၀ ကျော်ကို ပေါ်တာဆွဲခဲ့ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာမှစ၍ ယခုနှစ် မတ်လ ၁၇ ရက်အထိ တောင်ငူမြို့နှင့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ရွာသစ်ကုန်း၊သာယာကုန်း၊ အစ္စတု၊ ညောင်ပင်သာနှင့် ကသဲစုရွာများမှ ပေါ်တာဆွဲခံရသည့် လူငယ် ၂၃ ဦးရှိကြောင်း လေကြောင်းသတင်းများမျှဝေပေးနေသည့် Air Route Team – ART အဖွဲ့ ထံက သိရသည်။
“တောင်ငူမြို့ပေါ်မှာလည်း ညဘက်လူခြေတိတ်ချိန်တွေဆို အိမ်စီးကားတွေနဲ့ပတ်ပြီး လမ်းမှာတွေ့တဲ့သူတွေ ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်သွားတတ်တယ်။ ညနေစောင်းတာနဲ့ လမ်းထောင့်တိုင်းမှာ အိမ်စီးကားတွေရပ်ထားပြီး ည ၁၁ နာရီ၊ ၁၂ နာရီမှာ ရွာထဲကို ခြေလျင်ဝင်ပြီး ပေါ်တာဝင်ဆွဲတယ်” ဟု ART တာဝန်ခံ BLACK-FLYZ မှ MPA သို့ပြောသည်။
မတ်လ ၁၆ ရက် ညကလည်း ရွာသစ်ကုန်းရွာထဲရှိ လူငယ်သုံးဦးကို စစ်တပ်က ပေါ်တာဆွဲကာ ကားပေါ်တင်သွားကြောင်း သိရသည်။
တောင်ငူမြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် ပေါ်တာဆွဲလေ့ရှိသောကားအများစုမှာ အိမ်စီးကားများဖြစ်ကြောင်း သိရသည်။
“ဆေးရုံကားနဲ့ဆွဲတာလည်း ရှိတယ်။ တောင်ငူ အရှေ့ဘက်စွန် ၂၀ ရပ်ကွက်က အုပ်ကြီး (ဇော်လင်း) ကိုယ်တိုင် မောင်းတာ။ သူက အဲ့ကားနဲ့ မြိုအစွန်တွေမှာ ဧည့်စာရင်းစစ်တာတို့၊ ပေါ်တာဆွဲတာတို့ လုပ်တာ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းအုပ်ကြီး (ဇော်လင်း) သည် ပျူစောထီးသင်တန်းဆင်းတစ်ဦးဖြစ်ပြီး PDFတပ်ဖွဲ့များက သတိပေးစာပို့ထားသော်လည်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။