Ko Paing / MPA
ရန်ကုန်မြို့၊ မြန်မာပလာဇာရှေ့ အင်လျားကန်ဘောင်တွင် ရှိနေသော လူငယ်ခြောက်ဦးကို ရဲများက ဖမ်းဆီးသွားကြောင်း သိရသည်။
မတ်လ ၁၆ ရက်၊ ညနေ ၅ နာရီ မိနစ် ၄၀ ခန့်တွင် အများပြည်သူ အပန်းဖြေ အနားယူရာဖြစ်သည့် ရန်ကင်း မြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းဘေး၊ မြန်မာပလာဇာရှေ့ အင်းလျားကန်ဘောင်သို့ ရဲများရောက်လာပြီး လူငယ် ၂၀ ခန့်ကို တန်းစီထိုင်ခိုင်းကာ စစ် ဆေးမေးမြန်းပြီးနောက် လူငယ်ခြောက်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။
“မသင်္ကာလို့ ခေါ်စစ်ပြီး ဖမ်းခေါ်သွားတဲ့ ပုံစံပါဗျ။ ပြန်လွှတ်ပေးလိုက်တဲ့သူတွေထဲ ဂစ်တာတီးတဲ့သူ တွေပါ တယ်ဆိုတာ့ ဂီတနဲ့ ဖျော်ဖြေတဲ့အဖွဲ့လို့ ယူဆပါတယ်”ဟု Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
လူငယ်များအား မည်သည့်အကြောင်း စစ်ဆေးမေးမြန်းသလဲဆိုသည်ကို မသိသလို မည်သို့သော အကြောင်းကြောင့် လူငယ်ခြောက်ဦးအား ဖမ်းဆီးသွားသလဲ မသိကြောင်း ယင်းလူငယ်ခြောက်ဦး ပြန်လွတ်၊မလွတ်လည်း စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ယနေ့ (မတ် ၁၇ ရက်) မွန်လွဲပိုင်း၌ ပြောသည်။
ဗဟန်းမြို့နယ်နေ အမျိုးသားတစ်ဦးက “ကျတော် အဲနေရာကို ညနေဘက် မကြာခဏရောက်တယ်။ အဲမှာ စက်ဘီးစီးတဲ့လူငယ်လေးတွေ အသက် ၂၀ ဝန်းကျင်တွေပေါ့။ အုပ်စုလိုက် တွေ့လေ့ရှိတယ်။ တခြားလူငယ်တွေလည်း ညနေဘက် လာထိုင်ကြတယ်။ မနေ့ (မတ်လ ၁၆ ရက်) က မရောက်ဖြစ်ဘူး။ ဒါပေမဲ့၊ မနေ့က ရောက်တဲ့ သူငယ်ချင်း ပြောပြလို့ သိရတယ်။ လူငယ်တွေကို ဖမ်းသွားတာမှန်တယ်”ဟု ပြောသည်။
ယင်းလူငယ်ခြောက်ဦးကို ရဲများက အိမ်စီးကားသုံးစီးပေါ် ခွဲတင်ကာ ဖမ်းဆီးသွားကြောင်း Rangoon Scout Network က ထုတ်ပြန်ထားသည်။