By Mg Dagon / MPA
ဧရာ၀တီတိုင်းအတွင်း စစ်မှုထမ်းရန်အတွက် လူငယ်များကို ကြိုတင်အကြောင်းမကြားဘဲ မဲနှိုက်မှုပြုလုပ်ပြီး မဲပေါက်သူများကို ရုတ်တရက် အိမ်ပေါ်သို့ တက်ဖမ်းကာ စစ်မှုထမ်းခိုင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ ဧရာ၀တီတိုင်းအတွင်းရှိ ကျေးရွာများတွင်သာမက မြို့ပေါ်ရပ်ကွက်များ၌ပါ စစ်ကောင်စီ အာဏာပိုင်များက လူငယ်များကို အထက်ပါအတိုင်းဆောင်ရွက်နေမှု ပိုမိုဆိုးရွားလာခြင်းလည်း ဖြစ်သည်။
“ သူတို့တွေက စာရင်းပါတဲ့ သူတွေကို ဘယ်သူက စာရင်းပါတယ်။ မဲနှိုက်ရမယ် ကြိုမပြောတော့ဘူး။ ကောင်စီရုံးတွေမှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက မဲနှိုက်ကြတာ ” ဟု မြောင်းမြမြို့ခံ တစ်ဦးက ပြောသည်။
ယခင်က မဲပေါက်သည့် လူငယ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ကြိုတင်ပြောကြားရာ၌ ထွက်ပြေးမှုများရှိခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု မြောင်းမြမြို့အုပ်ချုပ်ရေး အသိုင်းအ၀ိုင်းနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။
“ ကြိုပြောရင် ထွက်ပြေးတာတွေဖြစ်လို့နဲ့တူတယ်ဗျ၊ အခုက အိမ်ပေါ်ထိတက်လာတယ်။ ပြီးရင် မဲပေါက်တယ်ဆိုပြီး ဖမ်းခေါ်သွားတာပဲ ” ဟု မော်ကျွန်းမြို့နေ အသက် ၃၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်က စစ်မှုထမ်းဥပဒေကို အတင်းအကျပ် ပြဌာန်းပြီးနောက် ၎င်းတို့ ယုတ်လျော့နေသည့် စစ်အင်အားကို ဖြည့်တင်းနိုင်ရန်အတွက် အဓမ္မစစ်သားစုဆောင်းခြင်းများကို ဆိုးဆိုးရွားရွား ပြုလုပ်နေခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းခြင်းများ ပြုလုပ်နေသော်လည်း စစ်သားအဖြစ် စုဆောင်းခံရသူများသည် စစ်တပ်အတွက် တိုက်ပွဲဝင်လိုစိတ်မရှိကြဘဲ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်သည် တိုက်ပွဲများ၌ အရှုံးများဖြင့် ဆက်တိုက်ရင်ဆိုင်နေရဆဲဖြစ်သည်။
ထို့ပြင် စစ်သားလိုအပ်ချက် မြင့်မားနေသည့် စစ်ကောင်စီသည် စစ်မှုထမ်းလူငယ်များကို အလျင်အမြန် စစ်သင်တန်းများပေးကာ ရှေ့တန်းသို့ စေလွှတ်လျက်ရှိနေသည်။
” မွမ်းမံသင်တန်း တစ်လလောက်ပေးပြီး ရှေ့တန်းကို လွှတ်တယ်။ တပ်သားသစ်တွေက ရှေ့တန်းရောက်ရင် ကြောက်လန့်နေကြတာပဲ” ဟု အမည်မဖော်လိုသူ စစ်ကောင်စီ အရာရှိ တစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်က တပ်သားသစ် စုဆောင်းမှုများကို အတင်းအကျပ် ပိုမို လုပ်ဆောင်လာနေပြီး စစ်မှုထမ်း အပတ်စဥ် တစ်ခုနှင့်တစ်ခုအကြား တစ်လခန့်မျှပင် ကွာခြားခြင်း မရှိတော့ကြောင်း သိရသည်။
ယခုအခါ စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေဖြင့် တပ်သားသစ် စုဆောင်းမှုသည် အပတ်စဥ် ၁၂ သို့ ရောက်လာခဲ့ပြီ ဖြစ်ပြီး အတင်းအကျပ် တပ်သားသစ်စုဆောင်းခံရသူ အရေအတွက်မှာလည်း ငါးသောင်းကျော်ထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနှံ့အပြား၌ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် စခန်းကြီး၊ စခန်းငယ်များကို ဆုံးရှုံးရသည့်အပြင် စစ်သားများ သေဆုံးခြင်းနှင့် ထွက်ပြေးသူများ များပြားလာခြင်းကြောင့် လူအင်အားပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် မဲနှိုက် လူခေါ်ခြင်းများအပြင် လမ်းသွား၊ လမ်းလာလူငယ်များကိုလည်း အကြောင်းအမျိုးမျိုးပြဖမ်းဆီးကာ စစ်တပ်သို့ ဝင်ရောက်ခိုင်းစေမှုများလည်းရှိနေသည်။