By Nway / MPA
ပဲခူးတိုင်း၊ ပြည်မြို့၊ ရွှေတံခါးရပ်ကွက်အတွင်းရှိ လုပ်ငန်းရှင်များကို အုပ်ချုပ်ရေးမှူးက သင်္ကြန် အကြောင်းပြချက်ဖြင့် ငွေကောက်ခံနေကြောင်း သိရသည်။
ရွှေတံခါးရပ်ကွက်အုပ်ချုပ်ရေးမှူး သက်နိုင်သည် မတ်လ ၁၄ ရက်မှစတင်ကာ ရာအိမ်မှူးများမှတစ်ဆင့် ငွေကောက်ခံနေခြင်းဖြစ်ကြောင်း ရွှေတံခါးရပ်ကွက်နေ ပြည်သူတစ်ဦးထံက သိရသည်။
” ရာအိမ်မှူးတွေက အိမ်အထိ သွားတောင်းနေတယ်လို့တော့ ကြားတယ်။ သင်္ကြန်ပွဲက ဒီနှစ်ဖြစ်၊မဖြစ်မှ မသိနိုင်တာကို ငွေလိုက်တောင်းနေတယ် ” ဟု ၎င်းက MPA သို့ပြောသည်။
ရွှေတံခါးရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်၊ သားသတ်ရုံ၊ KTV၊ အရက်ဆိုင်၊ လောင်းကစားဒိုင်နှင့် အခြားသောလုပ်ငန်းများကိုပါ လုပ်ငန်းအသေး၊အကြီးအလိုက် ကျပ်ငါးသောင်းမှ တစ်သိန်းအထိ ကောက်ခံနေကြောင်း သိရသည်။
” KTV တို့ ကြက်ဝိုင်းတို့၊ နှစ်လုံး၊သုံးလုံးဒိုင်တို့ကျ အရင်ကတည်းက သူတို့နဲ့ညှိပြီး ဖွင့်ထားတာတွေလေ။ သူတို့တွေကိုပါ လိုက်တောင်းနေတာ။ အာဏာမသိမ်းခင်က ဒါတွေ မရှိတာမဟုတ်ဘူး၊ ရှိတယ်။အခုလောက် မများဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ပြည်မြို့၌ သင်္ကြန်အကြောင်းပြကာ လုပ်ငန်းရှင်များထံ ငွေကောက်ခံမှုမှာ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ပြည်မြို့သင်္ကြန်ကို စစ်ကောင်စီက ဦးစီးပြုလုပ်ခဲ့သော်လည်း မြို့ခံများ ပါဝင်မှုနည်းပါးခဲ့သည်။