By Hsu Yee / MPA
မကွေးတိုင်း၊ ပေါက်မြို့နယ်မြာက်ပိုင်းရှိ ပျူစောထီးရွာများတွင် အခြေခံ စားသောက်ကုန်များ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်မှာ နှစ်နှစ်ကျော် ကြာပြီဖြစ်ကြောင်းသိရသည်။
၂၀၂၃ ခုနှစ် အစောပိုင်းမှစ၍ ပေါက်မြို့နယ်မြောက်ပိုင်းရှိ ရွှေဘုံသာနှင့် ဇီးပြား ပျူရွာများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားသောကြောင့် ယင်းပျူရွာများ၌ ရိက္ခာပြတ်နေကြောင်း ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာတာဝန်ခံထံက သိရသည်။
“ကျတော်တို့ ကာကွယ်ရေးအဖွဲ့တွေက ပတ်ပတ်လည် မိုင်းကာထားတော့ ရိက္ခာအဝင်တော့ မရှိတာ့ဘူးပါ့နော်” ဟု ပေါက်မြို့နယ် လူသားစာနာတာဝန်ခံမှ MPA သို့ပြောသည်။
ယင်းပျူရွာများ၌ စပါးစိုက်ပျိုးမှုရှိသဖြင့် ဆန် လုံလောက်မှုရှိသော်လည်း ဓာတ်ဆီနှင့် အခြေခံစားသောက်ကုန်များ အဓိကလိုအပ်လျက်ရှိကာ ယခင် စစ်ကြောင်းထိုးသည့်အခါများတွင် ရွာများမှ ရိက္ခာ လုယက်ခြင်းနည်းဖြင့် တတ်နိုင်သလောက်ဖြေရှင်းကြကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် ပေါက်မြောက်ပိုင်းရှိ ပြည်သူအချို့က ပျူရွာများသို့ အခြေခံစားသောက်ကုန်နှင့်ဓာတ်ဆီကို ဈေးနှုန်းတင်ကာ ခိုးရောင်းမှုများရှိနေကြောင်း သိရသည်။
“ကျတော်တို့ဘက်က ဒီလိုမျိုး ပိတ်ပင်ထားပေမယ့်လည်း ဝင်နေတာမျိုးတွေရှိတယ်ပါ့နော်။ ရှိပေမယ့်လည်း ကျတော်တို့ စိစစ်ဖော်ထုတ်ပြီးတော့လည်း အရေးယူမှုအပိုင်းတွေ လုပ်နေပြီပါ့နော်” ဟု ၎င်းကဆက်လက်ပြောသည်။
ပျူရွာများသို့ ခိုးပို့မှုအများဆုံး ပစ္စည်းများမှာ ဆီ ၊ ဆား ၊ ငပိ ၊ ထန်းလျက် ၊ အရက်နှင့် စက်သုံးဆီတို့ဖြစ်ပြီး ဈေးနှုန်းမှာ ပြင်ပကပေါက်ဈေးထက် ငါးဆမျှမြင့်ကြောင်း သိရသည်။
ဇီးပြားနှင့်ရွှေဘုံသာပျူရွာများတွင် စစ်သား၊ ရဲနှင့်ပျူစောထီးအနွယ်ဝင်များသာကျန်ရှိတော့ပြီး ကျန်ပြည်သူအများစုမှာ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးရာဒေသသို့ ခိုလှုံနေကြပြီဖြစ်သည်။