By Nway / MPA
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေး လစဥ် ကောက်ခံနေကြောင်း သိရသည်။
နတ်တလင်းမြို့နယ်ရှိ ကုလားတက်တွင်း၊ ရွှေကြာပင်၊ မကျီးစု၊ အောင်ပင်သာ၊ ထိပ်ပိတ်၊ အုတ်တွင်းကုန်းနှင့် လှပခြင်းရွာတို့တွင် လော်စပီကာဖြင့် လိုက်အော်ကာ ငွေကြေးတောင်းခံနေပြီး မပေးပါက အိမ်တိုင်ရာရောက် လိုက်လံကောက်ယူကြောင်း အမည်မဖော်လိုသည့် နတ်တလင်းမြို့ခံတစ်ဦးက ပြောသည်။
” လတိုင်း ပေးနေရတာကြာပြီ။ လယ်လုပ်တဲ့သူနဲ့ သာမန်လက်လုပ်လက်စားကို တောင်းတာတောင်မတူဘူးဗျ။ လယ်သမားတွေက ပိုပေးရတယ်။ ခုက အုပ်ကြီးတွေအပြင် အုပ်ကြီးမိန်းမတွေပါ ကြောက်နေရတာ။ သူတို့ပါလာရင် ပိုတောင်းတယ် ” ဟု ၎င်းက MPA သို့ ပြောသည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးခက်ခဲနေချိန်တွင် ယခုကဲ့သို့ ငွေတောင်းရမ်းနေ မှုသည် ပြည်သူများကို ဝန်ပိစေ ကြောင်း သိရသည်။
” စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့အချိန် ခုတော့ ကြောက်လန့်ပြီး မရှိရှိတာ ရှာပေးနေရတာ။ မပေးရင် အထက်ကိုတိုင်မယ်ဘာညာနဲ့ ခြိမ်းခြောက်သေးတာ။ ကျတော်တို့လို သာမန်လက်လုပ်လက်စားတွေအတွက် မရှိဘူးဆို ၁၀၀၊ ၁၀၀၀ကအစ ခဲယဉ်းတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အိမ်ခြေများသည့် ရွာများတွင် ကျပ်တစ်သောင်းခွဲမှ သုံးသောင်းအထိ တောင်းခံ၍ အိမ်ခြေနည်းသည့်ရွာများတွင် ကျပ်ငါးသောင်းမှ ရှစ်သောင်းအထိ လစဉ် တောင်းရမ်းနေကြောင်း သိရသည်။
နတ်တလင်းမြို့သည် ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင်တည်ရှိပြီး ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းခုနှစ်သောင်းကျော် နေထိုင်ကြောင်း သိရသည်။