By Ko Paing / MPA
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ဧည့်စာရင်းဖြင့် ငွေညှစ်ခြင်းကို စီးပွားဖြစ်လုပ်ကိုင်နေကြောင်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် ဧည့်စာရင်းတိုင်ချိန်ကို ပြည်သူအများစု၏ အလုပ်ပြန်ချိန်ဖြစ်သော ညနေငါးနာရီမှ ခြောက်နာရီအထိ သတ်မှတ်ထားပြီး ယင်း အချိန်ကျော်မှ ဧည့်စာရင်းလာတိုင်ပါက လက်မခံကြောင်း ထို့နောက် ဧည့်စာရင်းမတိုင်သူ များကို ဧည့်စာရင်းစစ်ကာ ငွေညှစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Thanlyin Media ထံက သိရသည်။
“သူတို့က အဲဒီအချိန် (ညနေ ငါးနာရီ မှ ခြောက်နာရီ ) မှ ဧည့်စာရင်းလာမတိုင်ရင် သူတို့ဘာသာ ဧည့်စာရင်းစစ်တယ်။သူ (ရပ်ကွက်အုပ်ကြီး) မွေးထားတဲ့ ပျူစောထီးတွေ၊ လူမိုက်တွေနဲ့ ဧည့်စာရင်းမတိုင်ထားရင် ရပ်ကွက်ရုံးကို ခေါ်သွားပြီး အနည်းဆုံး တစ်သိန်းကနေ စတောင်းတာပဲ” ဟု Thanlyin Mediaမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
သန်လျင်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးရုံးများသည် လုံခြုံရေးအကြောင်းပြချက်ဖြင့် အချိန်ပိုင်းသာဖွင့်ကြကြောင်း သန်လျင်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။
“အရင် အာဏာမသိမ်းခင်တုန်းကလို ညဘက်တောက်လျှောက်ဖွင့်တာမျိုး မလုပ်ရဲကြဘူး။ အောင်ချမ်းသာရပ်ကွက်အုပ်ကြီးကတော့ ငွေညှစ်တဲ့နေရာမှာ နာမည်ကြီးတာအမှန်ပဲ” ဟု ၎င်းက ပြောသည်။
အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး ရီရီမေ သိမ်းသွင်းထားသော ပျူစောထီးလူမိုက်များနှင့် ကယ်ရီသမားတို့သည် ညဘက်တွင် ရပ်ကွက်ရုံး၌ သောက်စားမူးယစ်နေကြကြောင်း သိရသည်။
“ရပ်ကွက်ရုံးမှာက ပျူစောထီးလူမိုက်တွေနဲ့ ကယ်ရီသမားတွေ ညဆိုရင် မူးရူးပြီး ရပ်ကွက်လုံခြုံရေး ကင်းပတ်တယ်ဆိုပြီး ရမ်းကားနေတာပါ။ လမ်းမပေါ်တွေတဲ့လူတွေကိုလည်း မထင်ရင်မထင်သလို ရိုက်နှက်ကြသေးတယ်” ဟု Thanlyin Media မှ တာဝန်ရှိသူက ပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် အောင်ချမ်းသာရပ်ကွက်၌ အိမ်ထောင်စုပေါင်း ၂၂၆၄ စုရှိကြောင်း ဖော်ပြထားသည်။