By Ko Paing / MPA
မွန်ပြည်နယ်၊ ရေးမြို့ရှိ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၌ တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီး တစ်ဦးနှင့် စစ်မှုထမ်းတပ်သား ငါးဦးတို့ အလင်းဝင်လာကြောင်း ရေးဘီးလူးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယနေ့ (မတ် ၁၄ ရက်) တွင် ရေးမြို့အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်ကြပ်ကြီး ဇူလိုင်ဌေးနှင့် စစ်မှုထမ်းတပ်သား စောပြည့်ဟိန်း၊ ဝေယံထွဋ်၊ ခွန်အေးနိုင်စိုး၊ ကျော်သက်ဦးနှင့် ဝေမင်းပိုင်တို့သည် ရေးဘီလူးတပ်ဖွဲ့ထံအလင်းဝင်ရောက်လာခြင်းဖြစ်သည်။
“တပ်ကြပ်ကြီး အပါအဝင် သူတို့ ခြောက်ဦး ညှိနှိုင်းတိုင်ပင်ပြီး ထွက်လာကြတယ်လို့ ပြောပါတယ်။ ကျန်တဲ့ တပ်သား ငါးဦးက စစ်မှုထမ်းနဲ့အဖမ်းခံရတဲ့သူတွေ။ တချို့ က ယိုးဒယားမှာဖမ်းမိပြီး ဒီဘက်ခြမ်း (မြန်မာပြည်ခြမ်း) ကိုလာသွန်ပြီး စစ်တပ်ထဲရောက်တဲ့သူတွေလည်းပါတယ်။ တချို့က ပေါ်တာဆွဲခံရလို့ တပ်ထဲရောက်တဲ့သူလည်းပါတယ်။ ကျေးရွာတွေကနေ အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်းနဲ့ကောက်ပြီး စစ်မှုထမ်းထဲပါတဲ့သူလည်းရှိတယ်” ဟု ရေးဘီလူးအဖွဲ့မှ ရေးဘီလူး ကပြောသည်။
MA-3 တစ်လက်၊ ကျည်ဘောက် နှစ်ခုနှင့် ကျည် ၆၀ ယူဆောင်လာသော တပ်ကြပ်ကြီး ဇူလိုင်ဌေးကို ရေးဘီလူးတပ်ဖွဲ့ကကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
“တချို့ကတော့ စကစ ဘက်ကို ပြန်တွန်းလှန်မယ့် ညီအစ်ကိုတွေရှိသလို တချို့ကလည်း နေရပ်ပြန်ချင်တဲ့သူတွေလည်းရှိတယ်။ ခုထိတော့ တိတိကျကျမရှိသေးပါဘူး။ သူတို့ကို သေချာမေးမြန်းပြီးမှ ဆုံးဖြတ်ရမယ့် ကိစ္စပါ” ဟု ၎င်းကဆက်လက်ပြောသည်။
မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်အုပ်စုဝင်များအနေနှင့် ပြည်သူများလိုလားသော ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ထူထောင်နိုင်ရေးအတွက် လာရောက်ပူးပေါင်းရန် ရေးဘီလူးအဖွဲ့က ဖိတ်ခေါ်ထားသည်။