By Ra Wai / MPA
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရုန်းကန်နေကြသော မြန်မာပြည်သူများကို ကူညီပြီး စစ်အုပ်စု အားထုတ်ဖော်ဆောင်နေသည့် အတုအယောင် ရွေးကောက်ပွဲမှန်သမျှအား ငြင်းပယ်ဆန့်ကျင်ရန် Defend Myanmar Democracy က တိုက်တွန်းလိုက်သည်။
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲတွင် ဘီလာရုစ်နှင့်ရုရှားတို့၏ ပါဝင်ပတ်သက်မှုကို အရပ်ဘက်အဖွဲ့ Defend Myanmar Democracy ၏ ယနေ့ (မတ် ၁၅ ရက်) သတင်းထုတ် ပြန်ရာ၌ ယင်းသို့ တိုက်တွန်းထားခြင်းဖြစ်သည်။
“အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ရတဲ့အကြောင်းရင်းက သူတို့ရဲ့ တရားမဝင်အာဏာ အတင်းသိမ်းဖို့ကြိုးပမ်းခဲ့တာကို တရားဝင်မှုရအောင် အားထုတ်မှုတစ်ရပ်သာဖြစ်တယ်လို့ ကျတော်တို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောချင်ပါတယ်”ဟု Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က ပြောသည်။
ဘီလာရုစ်တွင် မင်းအောင်လှိုင်က သမ္မတအလက်ဆန်းဒါး လူကာရှင်ကိုအား စစ်အုပ်စု၏ တရားမဝင် ရွေးကောက်ပွဲသို့ ရွေးကောက်ပွဲစောင့်ကြည့်သူများ လွှတ်ပေးရန် ဖိတ်ကြားခဲ့ပြီး လူကာရှင်ကို က လည်း လက်ခံခဲ့ကြောင်း ရုရှားသည်လည်း စစ်အုပ်စု တရားမဝင်ရွေးကောက်ပွဲကို ထောက်ခံသွားမည်ဟု စစ်အုပ်စု၏ ဝါဒဖြန့်မီဒီယာက ဖော်ပြခဲ့ကြောင်း စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲတွင် ရုရှားနှင့် ဘီလာရုစ်တို့၏ ပါဝင်ပတ်သက်မှုနှင့်စပ်လျဉ်းပြီး စိုးရိမ်မှုအသစ်များ ပေါ်ထွက်လာကြောင်း Defend Myanmar Democracy ကဆိုသည်။
လက်ရှိ ဘီလာရုစ်သမ္မတ လူကာရှင်ကို ၁၉၉၄ ခုနှစ်တွင်ရွေးကောက်ခံပြီးကတည်းက ဘီလာရုစ်နိုင်ငံတွင် ကျင်းပသည့် မည်သည့်ရွေးကောက်ပွဲမှ လွတ်လပ်ပြီး တရားမျှတမှုမရှိဟု နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များက လေ့လာတွေ့ရှိခဲ့ကြောင်း ၂၀၂၀ ခုနှစ် ဘီလာရုစ် ရွေးကောက်ပွဲ ရလဒ်သည် ကြီးမားသော ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့ပြီး အတိုက်အခံပါတီက မဲ ရာခိုင်နှုန်း၆၀ အနိုင်ရထားသည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အဓိက အတိုက်အခံခေါင်းဆောင်များ ဖမ်းဆီးခံရခြင်း သို့မဟုတ် ထွက်ပြေးရခြင်းတို့နှင့် ရင်ဆိုင်ခဲ့ရကြောင်း ၂၀၂၅ ခုနှစ် ဘီလာရုစ်နိုင်ငံ ရွေးကောက်ပွဲရလဒ်များအရ လူကာရှင်ကိုက ထောက်ခံမဲ ၈၇ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ကြေညာခဲ့ပြီးနောက် အတုအယောင်ရလဒ်ကို ငြင်းပယ်သည့်ဆန္ဒပြပွဲများ ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်ခဲ့ပြီး အနောက်တိုင်း နိုင်ငံများကလည်း လူကာရှင်ကိုအစိုးရအား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း Defend Myanmar Democracy ကထုတ်ပြန်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့သည် ရုရှားနှင့်ဘီလာရုစ်နိုင်ငံသို့ မတ်လသုံး ရက်မှ ကိုးရက်အထိ သွားရောက်ခဲ့သည်။