By Ra Wai / MPA
လတ်တလော ပေါ်ပေါက်နေသည့် အောက်ခြေ ပွတ်တိုက်မှုများမှသည် လူမျိုးရေးအမုန်းတရားဆီ အပြန့်ကျယ်မသွားစေရန်အတွက် KIA နှင့် TNLA ခေါင်းဆောင်များအနေဖြင့် ထိန်းကျောင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ကဆိုသည်။
အဖက်ဖက်ကအင်အားချိနဲ့ အရေးနိမ့်နေသည့် စစ်ကောင်စီအဖို့ တော်လှန်ရေး အင်အားစုများအကြား သပ်လျှိုသွေးခွဲရေးသည် ၎င်းတို့၏ အဓိကဗျူဟာ ဖြစ်လာသည်ဆိုသည့် အချက်ကိုလည်း အားလုံး သတိပြုပြီးဖြစ်သည့်အတွက် နှစ်ဖက်မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းလျှင် ပြဿနာအများစုအား အခက်အခဲမရှိ ဖြေရှင်းပြေလည်စေလိမ့်မည်ဟု နားလည်ကြောင်း ယနေ့ (မတ် ၁၄ ရက်) ထုတ်ပြန် သော NUG ၏ သဘောထားထုတ်ပြန်ချက်နှင့် မေတ္တာရပ်ခံပန်ကြားချက်၌ ဖော်ပြထားသည်။
ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်လျက်ရှိသော မြေပြင်အငြင်းပွားမှုအချို့ ကြောင့် ဒေသခံပြည်သူများသာမက နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူလူထုတရပ်လုံးကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း NUG ကဆိုသည်။
တော်လှန်ရေးအဖွဲ့အစည်းအားလုံးသည် ပြည်သူလူထု၏ လိုလားဆန္ဒကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေကြသူများပီပီ ပြည်သူများ၏ စိုးရိမ်သောကများ လျော့ကျစေရေး ဖြေလျော့ဆောင်ရွက်ပေးရန်လည်း အထူးတာဝန် ရှိသည့် အလျောက် နှစ်ဖက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက မိတ်ဖက်ပဋိပက္ခများအဖြစ်သာ ရှုမြင်ကြောင်းနှင့် နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းမည်ဆိုသည့် သန္နိဋ္ဌာန်ချမှတ်ထားကြကြောင်းကို ကြား သိရသည့်အတွက် အထူးကြိုဆိုကြောင်းလည်း ဆိုသည်။
ယခုရက်ပိုင်း၌လည်း နှစ်ဖက်အဖွဲ့အစည်းများအကြား ဗဟိုအဆင့် ဆွေးနွေးမှုများ လုပ်ဆောင်မည်ဟု ဖော်ပြလာခြင်း၊ ပြည်သူလူထု၏ သဘောဆန္ဒကို ရယူမည်ဟု ဖော်ပြလာခြင်းများ သည် အပြုသဘောဆောင်ပြီး ပြည်သူကိုမျက်နှာမူလျက် အရေးကိစ္စများကို ဖြေရှင်းကြမည့် ပြယုဂ် များဖြစ်ကြသဖြင့် NUG အနေဖြင့် ကြိုဆိုကြောင်း ဖော်ပြထားသည်။
ပြည်သူကို အဓိကထား၍ တိုင်တည်ဆောင်ရွက်ကြသည့် တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်သည့် အားလျော်စွာ ပြည်သူကို မျက်နှာမူသည့် နည်းနာများဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှား နိုင်မည်ဖြစ်ပြီး ပြည်သူက လိုလားတောင့်တလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပန်းတိုင်ကို အရောက်ချီတက်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။
နိုင်ငံရေးကိစ္စများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ကြရာ၌ NUG အနေဖြင့် လိုအပ်သလို ကူညီဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
တော်လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီညီ ကြိုးပမ်းမှုများကြောင့် ယနေ့ဆိုလျှင် ဒေသအလိုက် စစ်ကောင်စီ ကင်းစင်နယ်မြေများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့သလို စစ်အာဏာရှင် ကျဆုံး၍ တစ်နိုင်ငံလုံးလွတ်မြောက်ရန် လက်တကမ်းသာ လိုတော့သည့် အချိန်သို့ ရောက်ရှိနေပြီလည်း ဖြစ်ကြောင်းဆိုသည်။