By Nway / MPA
ရာဇဝတ်အကျဉ်းသားများကို အတင်းအဓမ္မလက်နက်ကိုင်ခိုင်းပြီး တော်လှန်ရေးတပ်များအား ခုခံတိုက်ခိုက်ရန် စစ်ကောင်စီတပ်က အမိန့်ပေးစေခိုင်းလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ (မတ် ၁၄ ရက်) သတင်းထုတ်ပြန်သည်။
ယင်းသို့သော စေခိုင်းမှုများကို PPNM အနေဖြင့် အချိန်များစွာယူ၍ စုံစမ်းမှုများပြုလုပ်ခဲ့ရာ အတည် ပြု နိုင်သည့်အခြေအနေများ စိစစ်တွေ့ရှိကြောင်း အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများအတွင်းရှိ အကျဉ်းထောင်များတွင် စစ်တပ်က ထောင်တွင်း ရာဇဝတ်အကျဉ်းသားများကို ထောင်တွင်းခံစစ်အတွက် လက်နက်တပ်ဆင်၍ ကင်းစောင့်ခိုင်းခြင်းအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များလာရောက်တိုက် ခိုက် ပါက စစ်သားများနှင့်အတူ ခုခံကာကွယ်ရန် အဓမ္မ အမိန့်ပေးစေခိုင်းလျက်ရှိကြောင်း PPNM က ထုတ်ပြန်သည်။
“PPNM ရဲ့ စုံစမ်းသိရှိချက်တွေကို သေချာ သက်သေအထောက်အထား အခိုင်အမာနဲ့ နိုင်ငံတကာသိ အောင်လုပ်စေချင်ပါတယ်။နိုင်ငံတကာအနေနဲ့ ပြင်းထန်စွာကန့်ကွက်ကြောင်း ဆိုတဲ့ထုတ်ပြန်ချက် ကလွဲလို့ ဘာမှမလုပ်တာသေချာပေမဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး မှတ် တမ်းတစ်ခုတိုးမှာတော့ သေချာတယ်”ဟု ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPA သို့ပြောသည်။
KIA နှင့်တော်လှန်ရေးတပ်များ တိုက်စစ်ဖော်ဆောင်သည့် ဒေသများအတွင်းရှိ ဗန်းမော်ထောင်နှင့် မိုးညှင်းထောင်များတွင် ထောင်နှစ်ရှည်ကျနေသည့် ရာဇာဝတ် အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်၍ ထောင်ခံစစ်ကင်းများ၌ လုံခြုံရေးစောင့်ခိုင်းခြင်းနှင့်တော်လှန်ရေးတပ်များ လာတိုက်ပါက စစ်ကောင်စီတပ်နှင့်အတူ ပူးတွဲခုခံမှုများလုပ်ဆောင်ရန် စေခိုင်းမှုများရှိနေကြောင်း PPNM ကဆိုသည်။
လွိုင်ကော်ထောင်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်စည်းကမ်း၊ရဲစည်းကမ်းဖောက်ဖျက်မှုကြောင့် အကျဉ်းထောင်တွင်း ဖမ်းဆီးထားသည့် ဗိုလ်အဆင့် ရှိခဲ့သူများအား တိုက်ပွဲအတွင်း ပြန်လည်အသုံးပြုမှုများရှိခဲ့ကြောင်း ယင်းသို့ အကျဉ်းသားများကို အဓမ္မစစ်မှုထမ်းခိုင်းခြင်းနှင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များကို ပြစ်ဒဏ်လွတ်ငြိမ်းမှုရရန် စစ်တပ်တွင် တာဝန်ထမ်းဆောင်စေခြင်းများအပေါ် PPNM အနေဖြင့် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း လည်း ထုတ်ပြန်ထားသည်။