By Nway / MPA
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၌ စစ်တပ်က အလှူ၊ မင်္ဂလာ လာဟန်ဆောင်ပြီး ပြည်သူများကို ပေါ်တာဆွဲနေကြောင်း သိရသည်။
မတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် အင်္ကျီအဖြူလက်ရှည်နှင့် ပုဆိုး ဝတ်ဆင်ထားသည့် စစ်သား ခြောက်ဦးသည် အိမ်စီးကားတစ်စီးဖြင့် ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းအုပ်စု အတွင်းရှိရွာတစ်ရွာ ထိပ်လမ်းဆုံ၌ စောင့်နေကာ ပြည်သူတစ်ဦးကို သေနတ်ထောက်ဖမ်းဆီးသွားကြောင်း သိရသည်။
” ကြို့ပင်ရွာကနေ စစ်ရှောင်လာတဲ့ အသက် ၃၀ဝန်းကျင် အမျိုးသားတစ်ဦးကို ဖမ်းသွားတာဗျ။ ဘယ်ကိုခေါ်တယ်ဆိုတာမသိရပါဘူး။ အခုလို ဖမ်းဆီးခံရတာ ပထမဆုံးပါ ” ဟု ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက ဥက္ကဌ ကိုသက်နှင်းအောင်က MPA ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီက ပေါက်ခေါင်းမြို့နယ်ရှိ စစ်ဘေးရှောင်အမျိုးသားများကို ပေါ်တာဆွဲမှုများ ပိုမိုလုပ်ဆောင်လာကြောင်းလည်း သိရသည်။
” အရင်အပတ်ကတည်းက ဆွဲတာတွေနဲ့ဆိုရင် စစ်ရှောင်အမျိုးသား ၁၂ ဦးလောက်တော့ ရှိနိုင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့မှုများကြောင့် ပြည်သူ ၅၀၀၀ ခန့် နေရပ်မပြန်နိုင်သေးဘဲ ရှောင်တိမ်းနေရကြောင်း သိရသည်။