By Ko Paing / MPA
စစ်မှုထမ်း လိုအပ်ချက်များနေသည့်အချိန်တွင် တစ်ညလျှင် ရန်ကုန်မြို့ရှိ လူငယ် ၃၀ ကျော် စစ်ကောင်စီတပ်၏ ကင်းလှည့် ဖမ်းဆီးခြင်းခံရကြောင်း Rangoon Scout Network ထံက သိရသည်။
စစ်ကောင်စီတပ်သည် ရန်ကုန်မြို့၊ဆင်ခြင်ဖုံးဒေသများတွင် ကင်းလှည့်ဖမ်းဆီးခြင်းကို အများဆုံး လုပ်ဆောင်ပြီး ပုံမှန်ကင်းလှည့်ဖမ်းသည့်ညများ၌ တစ်ညလျှင် အနည်းဆုံး၁၀ဦး ဖမ်းဆီးခံရကာ စစ် မှုထမ်းအတွက် လူပို့ရန်အချိန်နီးလာပါက ပုံမှန်ဖမ်းဆီးမှုထက် သုံးဆမက ပိုဆိုးကြောင်း Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
“စစ်မှုထမ်း လူပို့ချိန်နီးပြီး သူတို့သတ်မှတ်ထားတဲ့ လူမပြည့်သေးတဲ့အချိန်ဆို အဖမ်းအဆီး ပိုကြမ်း တတ်ပါတယ်ဗျ ” ဟု ၎င်းက MPA သို့ပြောသည်။
စစ်တပ်သည် ညခုနှစ်နာရီခန့်မှစတင်ကာ လူဖမ်းလေ့ရှိပြီးအများအားဖြင့် ညကိုးနာရီအချိန်၌ လူငယ်များ ဖမ်းဆီး ခံရလေ့ရှိကြောင်း သိရသည်။
“နေဝင်ပြီဆိုတာနဲ့ လူလိုက်ဖမ်းဖို့ ချောင်းတယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
မတ်လ ၁၂ ရက်၊ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ မာလာမြိုင်ခြောက်လမ်းထိပ်သို့ ရဲ ကားတစ်စီး ရောက်ရှိလာပြီး အရက်ထိုင်သောက်နေသည့် လူငယ်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်ထားသည်။
“ကျတော်တို့ဘက်မှာ အဲလို ညဘက် လူငယ်တွေကို ဖမ်းနေတာ တော်တော်ကြာပြီ။ မကြာခဏ ဖမ်းနေတာဆိုတော့ ရိုးတောင်ရိုးနေပြီ” ဟု လှိုင်မြို့နယ်၊ အင်းစိန်လမ်းမအနီးနေ ပြည်သူတစ်ဦးက ပြောသည်။
စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူများကို ကျပ် ၁၀ သိန်းမှ ၃၅ သိန်းဝန်းကျင်အထိ စစ်ကောင်စီတပ်က တောင်းလေ့ရှိပြီး တစ်ရက်အတွင်း ပြန်မရွေးနိုင်လျှင် အခြားစုရပ်တစ်နေရာသို့ ပို့လေ့ရှိကြောင်း Rangoon Scout Network တာဝန်ရှိသူက ဆိုသည်။
Rangoon Scout Network သည် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ လှုပ်ရှားမှုနှင့် ပတ်သက်သည့် မြေပြင်သတင်းများနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းတင်ပြပေးနေသော နွေဦးတော်လှန်ရေးစာမျက်နှာတစ်ခုဖြစ်သည်။