By Mg Dagon / MPA
ရန်ကုန်မြို့၌ အာဏာသိမ်း စစ်တပ်က ပေါ်တာဆွဲသည့် ဖြစ်စဥ်များ မကြာခဏ ဖြစ်နေသကဲ့သို့ အဆက်အသွယ် မရတော့ပဲ လူ ပျောက်ဆုံးမှုများလည်း ဆက်တိုက် ဖြစ်လာနေသည်ဟု မြို့ခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းက သု၀ဏ္ဏမြို့၌ စာမေးပွဲ သွားဖြေဆိုသည့် အသက် ၁၄နှစ်အရွယ် မသန်စွမ်း အထက်တန်းကျောင်းသား တစ်ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့သော်လည်း ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ အဲ့ဒီကလေးက ခြေထောက်တစ်ဖက် မသန်ဘူး။ စာမေးပွဲသွားဖြေရာကနေ ပြန်ရောက်မလာတော့တာ အခုဆို နှစ်ပတ်လောက်ရှိနေပြီ ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ကလေးပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မိသားစုဝင်များက သု၀ဏ္ဏရဲစခန်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ စစ်တပ် တပ်ရင်းများထံ သွားရောက်စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ သတင်းအစအနပင် မရရှိသေးကြောင်း သိရသည်။
” အခုထိ အဆက်အသွယ်မရသေးဘူး။ ရဲစခန်းကိုသွားတော့ ရဲတွေကလည်းမသိဘူး။ စစ်တပ်ဘက်ကလည်း မသိဘူးပြောတယ်။ မိဘတွေကတော့ တော်တော်စိတ်ပူနေတယ် ” ဟု ပျောက်ဆုံးနေသည့် ကျောင်းသားနေထိုင်ရာ ရပ်ကွက်အတွင်းမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အလားတူ မတ်လဆန်းပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ်၌ မိခင်အတူ လမ်းလျှောက်ထွက်လာသည့် အမျိုးသမီးငယ်တစ်ဦးကို ကားစီးဖြင့် ဖမ်းခေါ်မှုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အား သိရှိသည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
” သူတို့ သားအမိ ခွေးကျောင်းနေကြတာ၊ အမေကလည်း အနားမှာပဲ အဲ့ဒါကို Alphard နဲ့ ရောက်လာပြီး သမီးကို ဆွဲတင်သွားတာ။ အမေလုပ်သူက လိုက်ဆွဲတယ် ကားနဲ့ဆိုတော့ မမီလိုက်ဘူး ” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါဖြစ်စဉ်တွင်လည်း ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်မှာ မိသားစုနှင့် အဆက်အသွယ် ပြန်မရေးသေးပေ။
ယင်းအပြင် စစ်ကောင်စီကလည်း လူမြင်ကွင်းများ၌ ပေါ်ပေါ်ထင်ထင် ပေါ်တာဆွဲမှုများကို ပြုလုပ်နေခြင်းကြောင့် ရန်ကုန်မြို့ခံ လူငယ်များမှာလည်း ထိတ်လန့်လျက်ရှိနေသည်။
လက်ရှိ ရန်ကုန်မြို့၌ ညနေစောင်း လူစည်ကားရာ ဘတ်စ်ကား မှတ်တိုင်များတွင် စစ်ကောင်စီက စစ်ကားများဖြင့် လူငယ်များကို ဖမ်းခေါ်သည့် ဖြစ်စဉ်များပါ ဖြစ်ပွားနေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူများထံမှ သိရသည်။
” ကျတော် ရှေ့မှာတင် ကားနဲ့ ရောက်လာပြီး မှတ်တိုင်က လူငယ်နှစ်ယောက်ကို ဆွဲတင်သွားတာ၊ သူတို့က အလုပ်ပြန်လာကြတာလားမသိဘူး။ ကားစောင့်နေကြတာပဲ” ဟု စစ်တပ်ပေါ်တာဆွဲမှုကို မြင်ခဲ့ရသည့် တောင်ဒဂုံမြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။
စစ်တပ်ပေါ်တာဆွဲသည့် ဖြစ်စဥ်များတွင် ပေါ်တာဆွဲခံရသူများ၏ မိသားစုထံသို့ ရပ်ကျေးစစ်ကောင်စီ အဖွဲ့များက လာရောက် အကြောင်းကြားလေ့ ရှိသည်ဟု သိရသည်။
သို့သော် စစ်တပ်ပေါ်တာဆွဲခြင်းမဟုတ်ဘဲ အမည်မသိသူများ၏ ဖမ်းဆီးခြင်းခံရပါက ရဲစခန်းနှင့် စစ်တပ်ထံသို့ သွားရောက်စုံစမ်းရာတွင် မသိကြောင်းသာ အကြောင်းပြန်လေ့ရှိသည်ကို ရန်ကုန်မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
” စစ်တပ်က သူတို့ လူသစ်စု(ပေါ်တာဆွဲ) တယ်ဆိုရင် ပါသွားတဲ့ သူဘယ်သူဘယ်ဝါဆိုတာကို လှမ်းပြောပြီး အုပ်ကြီး(ရပ်ကွက်အုပ်ချုပ်ရေးမှူး) တွေကို မိသားစုတွေဆီ သွားပြောခိုင်းတယ်” ဟု အမည်မဖော်လိုသူ ရပ်ကျေးစစ်ကောင်စီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့၌ စစ်ကောင်စီ၏ ပေါ်တာဆွဲမှုများနှင့် အကြောင်းမဲ့ လူပျောက်ဆုံးမှုများ မကြာခဏ ဖြစ်လာနေရာ မြို့ခံလူငယ်များမှာ ညမှောင်သည်နှင့် နေအိမ်ပြင်ပသို့ မထွက်ရဲတော့သည့် အခြေအနေများကို ကြုံနေရသည်ဟု သိရသည်။