By Ko Paing / MPA
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ ငွေကြေးချမ်းသာသည့် မိသားစုမှ စစ်မှုထမ်းအကျုံးဝင်လူငယ်များကို အုပ်ချုပ်ရေးမှူးက တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ငွေညှစ်နေကြောင်း သိရသည်။
အောင်ချမ်းသာရပ်ကွက်အတွင်းရှိ ငွေကြေးချမ်းသာသော စစ်မှုထမ်းအကျုံးဝင်လူငယ်များကို ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရီရီမေက စစ်မှုထမ်းရန် မဲပေါက်သည်ဟု ခြိမ်းခြောက်ပြီး စစ်မှုမထမ်းချင်ပါက ၎င်းအတွက် ကျပ်သိန်း ၅၀ နှင့် ခရိုင်ထွေအုပ်အတွက် သိန်း ၅၀ စုစုပေါင်းသိန်း ၁၀၀ ပေးရန် ငွေညှစ် နေသည်မှာ စစ်မှုထမ်းအပတ်စဉ်ကိုး ကတည်းကဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Thanlyin Media က သတင်းထုတ်ပြန်သည်။
“သူတို့က (ရပ်ကွက်အုပ်ချုပ်ရေးမှူး) စစ်မူထမ်းအပတ်စဥ်ကိုးလောက်မှာ စတောင်းလာတယ်။ အခုနောက်ပိုင်းမှ ပိုဆိုးလာတယ်။ စစ်မူထမ်းဆင့်ခေါ်ရေးအဖွဲ့က တိုက်ရိုက်ခေါ်တယ်ဆိုပြီး အကြောင်းပြပြီး ချမ်းသာတယ်ဆိုတဲ့အိမ်တွေကိုဖုန်းဆက်ခေါ်ပြီး ပေါ်တင်ငွေညှစ်လာကြတာ” ဟု Thanlyin Media မှတာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
အောင်ချမ်းသာရပ်ကွက်အတွင်းရှိ ငွေကြေးတတ်နိုင်သည့် စစ်မှုထမ်းအကျုံးဝင်လူငယ်များကို လူရွေးကာငွေညှစ်ခြင်းဖြစ်ပြီး ငွေပေးရသူ များနေပြီဖြစ်ကြောင်း သိရသည်။
“ အခုအချိန်မှာ သူတို့က အာဏာအရှိဆုံး၊ ထစ်ခနဲဆို စစ်တပ်ကိုခေါ်လိုက်မယ်။ ဖမ်းခိုင်းလိုက်မယ် ဆိုပြီး ခြိမ်းခြောက်နေတော့ ချမ်းသာတဲ့မိသားစုတွေကတော့ ငွေပေးပြီးဖြေရှင်းနေကြတာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
အောင်ချမ်းသာရပ်ကွက်သည် သန်လျင်မြို့တွင် အိမ်ထောင်စု ၂၀၀၀ ကျော်ရှိသည့် ရပ်ကွက်ကြီးဖြစ်ပြီး အချက်အချာကျသဖြင့် ငွေကြေးချမ်းသာသူ များစွာရှိသော ရပ်ကွက်လည်း ဖြစ်သည်။