By Mg Dagon / MPA
နှစ်နှင့်ချီရပ်တန့်ခဲ့ရသော CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ အခွင့်အရေးအတွက် ယနေ့ (မတ်လ ၁၃ ရက်)ကစတင်၍ ပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း Myanmar Police CDM Channel-MPCC မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
MPCC အနေဖြင့် ယခင်ဆောင်ရွက်ခဲ့သော ဆောင်ရွက်ချက်များအပြင် မြေပြင်၌ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေကြသော CDM ရဲတပ်ဖွဲ့ဝင်များ ချိုးနှိမ်ဆက်ဆံခံနေရမှုများ၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ မတရားပြောဆိုခံနေရမှုများကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း MPCC က ယနေ့ ထုတ်ပြန်သည်။
ထို့အပြင် လစဉ်(၁၃)ရက်နေ့တိုင်း နိုင်ငံတော်၏ အာဏာကို မတရားရယူထားသော စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ထောက်တိုင်များဖြစ်သော Non CDM ဝန်ထမ်းများကို ကျိန်စာတိုက်ခြင်း၊ လူထုသပိတ်လှုပ်ရှားမှုကို MPCC က ဦးဆောင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။
“စကစနဲ့ပတ်သက်တဲ့သရော်စာ/သတင်း၊ ဖရဲသီးသတင်း၊ CDM တွေကို အားဖြစ်စေတဲ့အရာတွေ၊ တတ်နိုင်တဲ့ဘက်ကနေ ကူညီတဲ့အရာတွေ၊ CDM တွေကို ညီညွှတ်စွာပေါင်းစည်းနိုင်ရေး၊ Video စကားဝိုင်းကို အရင်ဆုံးလုပ်ဆောင်မှာပါ” ဟု MPCC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် MPCC ကို ပြည်သူများနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားရန်ရည်ရွယ်ထားကြောင်း ၎င်းက ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်သစ်များကို MPA သို့ ပြောသည်။
ယင်းအပြင် လက်နက်ကိုင်ပြီး စစ်ကောင်စီကိုပြန်လည်တော်လှန်နေကြသည့် ရဲ CDM များအနေဖြင့် အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် နှိမ့်ချဆက်ဆံခံရမှုများကြုံတွေ့နေရသည်ကို စုံစမ်းသိရှိထားရသည်များရှိသကဲ့သို့ အဖွဲ့အနေဖြင့် ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း အဆိုပါအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သို့သော် ထိုအချက်အလက်များကို ထုတ်ဖော်ပြောကြား၍မရသေးဘဲ အဖွဲ့အနေဖြင့် တရားဝင်ပြောကြားသွားမည်ဟု ၎င်းက ဆိုသည်။
လက်ရှိ MPCC တွင် အွန်လိုင်းအဖွဲ့ဝင် ၁၀၀ ကျော်ရှိသော်လည်း MPCC ကို ဦးဆောင်သည့် အဖွဲ့ဝင်များအနေဖြင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရသည့်ဒေသများသို့ရောက်ရှိနေသူ၊ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေသူ၊ လက်နက်ကိုင်တော်လှန်ရေးဘက်သို့ ကူးပြောင်းသွားသူ အစရှိသဖြင့် ကွဲပြားသွားသည့်အတွက် ယခုပြန်လည်စတင်အသက်သွင်းရာတွင် အဖွဲ့ဝင် ၁၅ ဦးက ဦးဆောင်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ယခင် MPCC ၏ လုပ်ဆောင်ချက်များကြောင့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ပထမဆုံးအနေဖြင့် ရဲ CDM များကို ထောက်ခံခဲ့ပြီး NUG ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းမှုအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း MPCC ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီလိုပြန်လုပ်တာ ဝမ်းသာပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ အခုက ကြာလာတော့ CDM တွေလည်း အတော်ကျပ်တည်းလာတယ်။ အခက်အခဲတွေတွေ့လာကြတယ်။ အခုလိုလုပ်ပေးတယ်ဆိုတော့ ကောင်းတာပေါ့နော်” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်တွင်နေထိုင်နေသည့် စစ်သား CDM တစ်ဦးက မှတ်ချက်ပေးသည်။
ထို့အပြင် MPCC ၏ အမျိုးသားစာဖတ်ပရိသတ်တစ်ဦးကလည်း ထိုကဲ့သို့ ရဲ CDM များ၏ အခွင့်အရေးများအတွက် ထုတ်ဖော်ပြောဆိုမှုများပြန်လည်ပြုလုပ်မှုကို မျှော်လင့်နေသည်ဟု မှတ်ချက်ပြုပြောဆိုသည်။
“သူတို့ Page က စာတွေကို ဖတ်ဖူးတယ်။ ကောင်းပါတယ်။ ပို့စ်တွေ မတွေ့တော့တာ အတော်ကြာပြီ။ အခုတော့ ပြန်လုပ်မယ်ဆိုတော့ ကြိုဆိုပါတယ်။ CDM ရဲတွေရဲ့ အခက်အခဲအကျပ်အတည်းကို လူထုသိတော့ စာနာမှုအကူအညီတွေလည်း ပိုမိုရနိုင်ကောင်းပါတယ်” ဟု စစ်ကောင်စီရန်ကြောင့် တိမ်းရှောင်နေရသူ ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း ရဲ CDM များစုပေါင်း၍ Myanmar Police CDM Channel အနေဖြင့် ဘဝတူများအရေး လုပ်ဆောင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရသည့်အတွက် Myanmar Police CDM Channel – MPCC အမည်ဖြင့် ပြန်လည်လုပ်ဆောင်ခဲ့သည်။
ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် MPCC သည်လည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစတင်၍ လုပ်ဆောင်မှုများ ရပ်တန့်ခဲ့ရပြီး ယခုအခါ ရဲ CDM များအနေဖြင့် လုပ်ဆောင်မူအားနည်းနေခြင်း၊ ရဲ CDM များအတွက် အားတစ်ခုရစေလိုခြင်းနှင့် ပြည်သူများထံ ရဲ CDM များ၏ လုပ်ဆောင်ချက်များကို ချပြလို၍ ပြန်လည်လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။