By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ပြည်သူ ကိုးဦး အနက် သုံးဦးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် ဂန့်ဂေါမြို့ ခလရ – ၅၀ တပ်ရင်းမှ မြစ်သာဆည်ဘက်သို့ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“ ပုံမှန်ထွက်နေကြမဟုတ်တဲ့ လမ်းကနေ စစ်ကြောင်းထွက်တာ၊ လမ်းမှာ ရှိတဲ့ရွာတွေကနေ ပြည်သူတွေကိုဖမ်း၊ ရိက္ခာတွေယူပြီး သွားတာ” ဟု ဂန့်ဂေါဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်၌ ခေါက်ခူကျေးရွာမှ ပြည်သူ ခြောက်ဦး၊ မတ် တစ်ရက်တွင် ပြင်သာကျေးရွာမှ ပြည်သူ လေးဦးအပြင် ကျေးရွာအတွင်းရှိ စားနပ်ရိက္ခာများကိုလည်း နွားလှည်း သုံးစီးဖြင့် ၄င်းတို့ အထိုင်ချနေရာ မြစ်သာဆည်ပေါ်စခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ် သည်။
၂၀၂၅ ခုနှစ်၊ မတ် နှစ်ရက်တွင် ပြင်သာကျေးရွာမှ ဖမ်းဆီးလာသည့် ပြည်သူ လေးဦးအနက် နှစ်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး၊ ထန်းလှီးလာသည့် ပြင်သာကျေးရွာမှ ပြည်သူ တစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ရာ စုစုပေါင်း ပြည်သူ ကိုးဦးအထိ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် မြစ်သာဆည်၌ ဆယ်ရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီး မတ် ၁၁ ရက်တွင် ဂန့်ဂေါမြို့သို့ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း ဖမ်းဆီးခံရသူ ကိုးဦးအနက် သုံးဦးမှာ ယနေ့(မတ် ၁၂ ရက်) အထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးပေ။
“ ပြင်သာရွာက သုံးယောက်က လွတ်မလာသေးဘူး။ ပြင်သာရွာထဲက အစားအသောက်တွေလည်း ယူသွားကြတယ်” ဟု ပြင်သာကျေးရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ကျောက်ထုမြို့နယ်ခွဲရှိ အမြောက်တပ်ရင်း (အမှတ် – ၃၆၈) မှလည်း ကျောက်ထုမြို့တစ်ဝိုက်ကို စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ဒေသခံများမှာလည်း တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိနေသည်။
လက်ရှိ စစ်ကောင်စီက ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး အရပ်သားပြည်သူများနှင့် ကျွဲ၊ နွား တိရိစ္ဆာန်သေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။
“ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့တွေဘက်မှာ လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်။ မကွေးလေတပ်ကတက်လာတဲ့ လေယာဥ်တွေပေါ့၊ ဆောမြို့မှာလည်း စက်တပ်လေထီးနဲ့ တိုက်ခိုက်တယ်လို့ ကြားတယ်” ဟု ဆောမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ယောဒေသတွင် ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ဆောမြို့နယ်နှင့် ကျောက်ထုမြို့နယ်ခွဲတို့ တည်ရှိကာ ဂန့်ဂေါမြို့နယ်တွင် ခလရ ၅၀ တပ်ရင်း၊ အမြောက်တပ်၊ မြောက်ခင်ရန်းကျေးရွာ၌ လက်နက်ကြီးအထိုင်စခန်းနှင့် အနီးရှိ ပျူစောထီးကျေးရွာ ၁၀ ရွာခန့်၊ ထီးလင်းမြို့နယ်တွင် မြို့ပေါ်ရဲစခန်းနှင့် ရေမျက်နီရဲစခန်း၊ ဆောမြို့ပေါ်၌ စစ်ကောင်စီ ရဲစခန်းတစ်ခုနှင့် လောင်းရှည် ကပစ ၂၅၊ ကျောက်ထုမြို့နယ်ခွဲတွင် အမြောက်တပ်ရင်း (အမှတ် – ၃၆၈)နှင့် ကျောမြို့တွင် ကပစ ၂၃ တစ်ခုသာကျန်ရှိပြီး၊ ကျန်ရှိသည့် ကျေးရွာများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားသည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မကွေးတိုင်းအတွင်းရှိ ယောဒေသသည် ဒေသခံတော်လှန်ရေးအင်အားစုများ အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး၊ စစ်ကောင်စီတပ်မှ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည့်ဒေသလည်း ဖြစ်သည်။