By Mg Dagon/ MPA
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သို့ ဖမ်းဆီးပို့ဆောင်လိုက်နိုင်သကဲ့သို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အလှည့်လည်း သေချာပေါက်ရောက်လာလိမ့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ယမန်နေ့ မတ်လ ၁၂ ရက်က ထုတ်ပြန်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအမည်ဖြင့် လူပေါင်း ၃၀,၀၀၀ ကျော်ကို ဥပဒေပ သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ICC က ရာဇ၀တ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသော သမ္မတဟောင်း ဒူတာတေးကို လက်ရှိဖိလစ်ပိုင်အစိုးရက နိုင်ငံတကာရဲတပ်ဖွဲ့(INTERPOL)ကိုယ်စား ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးပြီး နယ်သာလန်နိုင်ငံ၊ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
“ ဒူတာတေးရဲ့ ဖမ်းဆီးမှုဟာ အလွန်အရေးပါတဲ့ ထုတ်ပြန်ချက်တစ်ခုပါ၊ သြဇာကြီးမားတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက ICC တရားရုံးနဲ့ INTERPOL ရဲတပ်ဖွဲ့ကို လေးစားမှုပြသလိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာဆိုင်ရာ တာဝန်ခံမှုတစ်ခုလည်းဖြစ်ပါတယ်။ အဲဒါက မင်းအောင်လှိုင်အနေနဲ့ ဒီလိုဖမ်းဆီးခံရမဲ့အချိန်မျိုး သေချာပေါက်ရောက်လာလိမ့်မယ်ဆိုတာ ရှင်းလင်းတဲ့သတိပေးချက်တစ်ခုဖြစ်ပါတယ်” ဟု SAC-M တည်ထောင်သူ Marzuki Darusman က ပြောသည်။
မစ္စတာ ဒူတာတေး၏ ဖမ်းဆီးမှုသည် အာဆီယံဒေသတွင်း အထူးသဖြင့် မြန်မာနိုင်ငံအတွက် ခိုင်မာသည့်သတင်းစကားပေးပို့လိုက်ခြင်းဖြစ်သည်ဟု SAC-M က ပြောသည်။
ရိုဟင်ဂျာများကို မောင်းထုတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ရာဇ၀တ်မှုများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ICC ရှေ့နေချုပ်က လျှောက်ထားခဲ့ပြီးဖြစ်သည်။
ထို့အပြင် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဂျင်တီးနားတရားရုံးက ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် မြန်မာနိုင်ငံတွင် စစ်တပ်နှင့် အစိုးရထိပ်တန်းပုဂ္ဂိုလ်များအပါအဝင် ၂၅ ဦးအား ဖမ်းဝရမ်းထုတ်ထားသည်။
ထို့ကြောင့် ICC အနေဖြင့် မြန်မာစစ်ခေါင်းဆောင်ကို မကြာမီဖမ်းဝရမ်းထုတ်ရန် မျှော်လင့်ထားပြီး ICC တရားရုံးရှေ့နေများက နောက်ထပ်တာဝန်ရှိသူများကိုလည်း ဖမ်း၀ရမ်းထုတ်ရန်ရှိနေကြောင်း ICC ဘက်က ထုတ်ပြန်ထားပြီးဖြစ်သည်။
အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားသည့် မင်းအောင်လှိုင်နှင့် စိုးဝင်းအပါအဝင် ၂၅ ဦးကို ဖမ်းဆီးရာတွင် INTERPOL အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းပါဝင်ရန် မျှော်လင့်ကြောင်း SAC-M က ဆိုသည်။
SAC-M အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အခြားတော်လှန်ရေးအဖွဲ့အစည်းများကိုလည်း ယခုဖမ်းဝရမ်းထုတ်ခံထားရသူများ ဖမ်းဆီးခြင်းနှင့် လွှဲပြောင်းရရှိရေးကို ပူးပေါင်းလုပ်ဆောင်ပေးရန် တိုက်တွန်းထားသည့်အပြင် အာဆီယံကိုလည်း ပူးပေါင်းပါဝင်ရန် တောင်းဆိုထားကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံက လူတွေဟာ ကုလသမဂ္ဂ၊ နိုင်ငံတကာ လူ့အခွင့်အရေးစနစ်နဲ့ တရားမျှတမှုဆိုင်ရာ ကတိတွေအပေါ် ယုံကြည်မှုတွေ ဆုံးရှုံးနေတဲ့အချိန်မှာ ဒါဟာ မျှော်လင့်ချက်တွေ တောက်ပလာစေပါတယ်” ဟု SAC-M တည်ထောင်သူ နောက်တစ်ဦးဖြစ်သော Chris Sidoti က ပြောသည်။
ဖိလစ်ပိုင်သည် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌသက်တမ်းအတွက် ပြင်ဆင်နေချိန်တွင် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး အဖမ်းခံရခြင်းဖြစ်သည်။
အရပ်သား အစိုးရလက်ထက် မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူထားစဉ် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း စစ်တပ်၏ စစ်ဆင်ရေးများမှ လွတ်မြောက်ရန် ရိုဟင်ဂျာ ၇ သိန်း ၃ သောင်းကျော် မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။
ထိုစစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ကျေးရွာများကို ဖျက်ဆီးမှုများကို ကိုးကားပြီး ထိုစစ်ဆင်ရေးသည် လူမျိုးစုသုတ်သင်သတ်ဖြတ်မှု ဖတ်စာအုပ် ဥပမာဖြစ်သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက နောင်တွင် ဖေါ်ပြခဲ့သည်။
“အခု SAC-M ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုပါတယ်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အခုလိုမျိုး အလိုရှိနေတာ လေးနှစ်ကျော်နေပါပြီ။၏၊ နိုင်ငံတကာအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေသူတွေကို အမြန်ဆုံးဖမ်းဆီးပြီး ခံရသူပြည်သူတွေ တရားမျှတမှုအမြန်ဆုံးရရှိအောင် လုပ်ပေးစေလိုပါတယ်” ဟု အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။
SAC- M အဖွဲ့သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာ တစ်ကျော့ပြန်သိမ်းခံရမှုနှင့်အတူ ပေါ်ပေါက်လာသည့် ကုလသမဂ္ဂက အဆင့်မြင့်အရာရှိတာဝန်ယူဖူးသူများနှင့် မြန်မာ့အရေး အကျွမ်းတဝင်လုပ်ဆောင်ခဲ့သူများ စုပေါင်းဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။
မြန်မာလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်ခဲ့သည့် Yanghee Lee၊ လူ့အခွင့်အရေးကောင်စီကဖွဲ့ခဲ့သည့် မြန်မာအရေး အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ ခေါင်းဆောင် Marzuki Darusman နှင့် အဖွဲ့ဝင် Chris Sidoti တို့က SAC-M ကို ဦးဆောင်ထူထောင်ထားကြသည်။