By Ra Wai / MPA
တိုင်းသုံးတိုင်းမှ PDF ရဲဘော် ၁၁၅ ဦး တပ်မှူးသင်တန်းဆင်းခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့မှ သင်တန်းသား ၁၁၅ ဦး တက်ရောက်ခဲ့သော တပ်မှူး သင်တန်းဆင်းပွဲကို မတ်လရှစ်ရက်တွင် NUG အစိုးရ၏ အုပ်ချုပ်ရေးနယ်မြေတစ်နေရာ၌ ကျင်းပခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (မတ် ၁၃ ရက်) သတင်းထုတ်ပြန်သည်။
“PDF တပ်ရင်းမှူးတွေကို သင်တန်းပေးတာပါ။ တပ်မှူးတစ်ယောက်ရဲ့ တာဝန်၊ လိုက်နာရမယ့်စည်းကမ်း၊ အဓိက သင်ပေးတာကတော့ စစ်ရေးစီမံချက်ရေးဆွဲတဲ့အပိုင်းပါ” ဟု စစ်ကိုင်းတိုင်းအတွင်းရှိ PDF တပ်ရင်းမှူးတစ်ဦးက MPA သို့ပြောသည်။
ယခုသင်တန်းမှာ အပတ်စဉ်သုံးဖြစ်ပြီး သင်တန်းကာလမှာ သုံးလကြာကြောင်း ၎င်းက ဆိုသည်။
တပ်မှူးသင်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသင်တန်းဆင်းပွဲတွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့သည်။