By Ra Wai / MPA
လက်နက်နှင့်အလင်းဝင်လာသော ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစောထီးကို ကျပ်သိန်း ၅၀ ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၁၁ ရက်တွင် ရွှေဘိုမြို့နယ်၊ တည်သီးတောရွာသား ပျူစောထီးတစ်ဦးသည် ဇီးဖြူကုန်းပျူရွာသို့ ရောက်ရှိနေစဉ် ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း ရွှေဘိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
” သူတို့ (ပျူစောထီး) နဲ့ပတ်သက်ပြီး ဒရုန်းနဲ့ စာမကြဲခင်မှာ သူရဲ့မိသားစုဝင်တစ်ဦး၊ သမီးလေးကို ထိန်းသိမ်းမိလိုက်တယ်လေ။ သမီးကနေတဆင့် နောက်ကလေးလေးနှစ်ယောက်နဲ့ သူ့မိန်းမကို ထပ်ပြီးခေါ်တယ်။ ကျတော်တို့ စာကြဲပြီးတဲ့နောက်မှာ ချိတ်ဆက်လာတော့ သူ့မိသားစုက ဒီမှာရောက်နေတယ်ဆိုတာသိသွားတာ။ သိသွားတော့ ချိတ်ဆက်ပြီး ရောက်လာတာ” ဟု ရွှေဘိုမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက ရွှေဘိုမြိုနယ်အတွင်းရှိ ပျူရွာများကို ဒရုန်းဖြင့် လက်ကမ်းစာစောင်များကြဲချပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန် ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။
ယင်းပျူစောထီးသည် ကာဘိုင်တစ်လက်၊ ကျည်ဘောက်သုံးခုနှင့် ကာဘိုင်ကျည် ၁၅၇ တောင့်ပါသဖြင့် ကျပ်သိန်း ၅၀ ချီးမြှင့်ရန်ပြင်ဆင်ထားသော်လည်း ဘဏ္ဍာငွေလိုအပ်ချက်ကြောင့် ချက်ချင်းမပေးနိုင်သေးကြောင်း ၎င်းကပြောသည်။
ပြည်သူ့ရင်ခွင်ခိုလှုံသူများကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသဖြင့် စစ်အုပ်စုဝင်များအနေဖြင့် အမြန်ဆုံးလက်နက်ချ၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ရွှေဘိုမြို့နယ်ပကဖက တိုက်တွန်းထားသည်။