By Mg Dagon / MPA
အာဏာသိမ်းစစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ပူးပေါင်းလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။
နေပြည်တော်သို့ရောက်ရှိနေသည့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်းနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယမန်နေ့ ( မတ်လ ၁၁ ရက်)က တွေ့ဆုံမှုအတွင်း အထက်ပါအတိုင်းဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီက ပြောဆိုထားခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးတွေ့ဆုံရာတွင် စစ်ကောင်စီက အကောင်အထည်ဖော်ရန်ကြိုးပမ်းနေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို တရုတ်နိုင်ငံမှ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီပိုင်သတင်းဌာနများက ဆိုထားသည်။
ထို့အပြင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တရုတ်ပါဝင်ပတ်သက်နေမှု၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပပျောက်ရေး၊ နယ်စပ်ကုန်သွယ်ရေး အစရှိသည်တို့ကို ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ထားသည်။
“စစ်ကောင်စီက ဇွတ်မိုက်မှာပဲ၊ သူတို့က အခုလို တရုတ်အားကိုးလည်းရှိနေတာဆိုတော့လေ၊ ရွေးကောက်ပွဲကတော့ လုပ်ကိုလုပ်လိမ့်မယ်လို့ကျွန်တော်တို့ယူဆတယ်။ ဒါပေမဲ့ ဒါဟာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲတော့ဖြစ်လာမှာမဟုတ်ပါဘူး” ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပြောကြားသည်။
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူအများစုအပြင် စစ်ကောင်စီလက်အောက်ခံ အောက်ခြေတပ်သားများ၏ မိသားစုဝင်များသည်လည်း လက်မခံကြောင်း စုံစမ်းသိရှိရသည်။
“ကျမတို့ကတော့ လက်လည်း လက်မခံဘူး။ လုပ်ဖြစ်ခဲ့ရင်တောင် မဲသွားပေးမှာမဟုတ်ဘူး” ဟု ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်အတွင်းနေထိုင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းတို့အနေဖြင့် လိုချင်သည့်အစိုးရကို ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာပင် မဲပေးရွေးချယ်ခဲ့ပြီးပြီဖြစ်ပြီး ရွေး ကောက်ပွဲနိုင်အစိုးရကိုဖြုတ်ချကာ မတရားအာဏာသိမ်းခဲ့သူများပြုလုပ်မည့်ရွေးကောက်ပွဲကို တတ်စွမ်းသမျှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ယင်းအမျိုးသမီးက ပြောကြားသည်။
“ရွေးကောက်ပွဲလုပ်မဲ့ နေရာမှာသုံးမဲ့ပိုက်ဆံတွေကို အောက်ခြေတပ်သားတွေထဲက ကျဆုံးခဲ့ရသူတွေ၊ ထိခိုက်ခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေကိုသာ ထောက်ပံ့ပေးလိုက်မယ်ဆိုရင် အဘတို့ကို ထောက်ခံအားပေးမှု ပိုရလိမ့်မယ်တောင်ထင်မိတယ်။ အခုတော့ မရောင်ရာ ဆီလူးနေသလိုပဲ” ဟု မန္တလေးသို့ စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် တပ်မိသားစုဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီ ခေါင်းဆောင်သည် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ သွားရောက်ခဲ့ပြီးနောက် တစ်ရက်အကြာ မတ်လ ၁၀ ရက်နေ့၌ပင် တရုတ်အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ကနဦး မတ်လ ၁၀ ရက်နေ့က ဥရောပခရီးစဉ်တွင်ပါဝင်ခဲ့သော စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့သေးသည်။
၎င်းတို့နှစ်ဦးတွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲအကြောင်းမပါဝင်ခဲ့ဘဲ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေးရှေးရှုမည့်အကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အကြောင်းတို့ကို ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဘက်က ယမန်နေ့က ထုတ်ပြန်ထားသည်။
ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်းဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံက ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ဆိုသည်။
စစ်ကောင်စီလုပ်မည့်ရွေးကောက်ပွဲကို အစောဆုံးအနေဖြင့် ယခုနှစ် ဒီဇင်ဘာလအတွင်း သို့မဟုတ် နောက်အကျဆုံးအနေဖြင့် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ်အတွင်းကျင်းပမည်ဖြစ်ကြောင်း ရုရှားနှင့် ဘယ်လာရုစ်ခရီးစဉ်ကနေ ပြန်ရောက်လာသည့် မတ်လ ၉ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံမီဒီယာများကို ဇော်မင်းထွန်းက ပြောကြားထားသည်။