By Ko Paing / MPA
PDF ကို ကြောက်သော ဗျူဟာမှူး၏ အမိန့်အရ ခရမ်းမြို့ဘုရားပွဲတွင် စတိတ်ရှိုးနှင့်ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းထားခြင်းအား ပြန်လည်ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
မတ်လ ၂၀ ရက်တွင် စတင်ကျင်းပမည့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၊ သကျမာရဇိန်သွန်းဘုရားကြီး၏ ဘုရားပွဲ၌ စတိတ်ရှိုး၊ မိုးကြိုးငှက်ငယ်လေးများအဖွဲ့၊ မာမီသက်၊ ငလက်မ စသည်တို့ကို ရုံးသွင်းတင်ဆက်ရန် စီစဉ်ထားသော်လည်း အသစ်ရောက်လာသည့် ခရမ်းမြို့တာဝန်ကျ ဗျူဟာမှူးက ပြန်လည်ဖျက်သိမ်းခိုင်းခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ထုတ်ပြန်သည်။
“အဓိကကတော့ PDF တွေကို ကြောက်တာပါ။ ခရမ်းမှာ PDF တွေက စစ်တပ်ကိုကောင်းကောင်းဆော်ထားတဲ့ အစဉ်အလာကရှိနေတော့ ဘုရားပွဲကို အာရုံရောက်နေတဲ့အချိန် စစ်ရေးပစ်မှတ်တွေကို အတိုက်ခံရမှာ ကြောက်နေတာလို့ သူတို့အသိုင်းအဝိုင်းကနေ သိရတယ်” ဟု ခရမ်းမြို့ခံတစ်ဦးက MPA သို့ပြောသည်။
မကြာမီ ရက်ပိုင်းအတွင်း အသစ်ရောက်လာသည့်ဗျူဟာမှူးက ဘုရားပွဲတော်ကာလအတွင်း ည ၁၀ နာရီနောက်ပိုင်း ၎င်းတို့ တာဝန်မယူနိုင်ဟု ခရမ်းဂေါပကအဖွဲ့ကို အသိပေးထားကြောင်း ခရမ်းချန်နယ်ကဆိုသည်။
“ည ၁၀ နာရီကျော်ရင်တာဝန်မယူတာရယ်၊ လက်ရှိဗျူဟာမှူးက မကြိုက်တာရယ်ကြောင့် ပွဲတွေကို ဖျက်သိမ်းလိုက်တာပါ” ဟု ခရမ်းချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေသခံ PDF တို့၏ လက်နက်ကြီး၊ လက်နက်ငယ် တို့ဖြင့် ပြောက်ကျားတိုက်ခိုက်ခြင်းဒဏ် အပြင်းအထန်ခံခဲ့ရသော ခရမ်းမြို့စစ်ကောင်စီသည် သွန်းဘုရားကြီးဘုရားပွဲကို အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှသာ ပွဲဈေးတန်းသက်သက် ပြန်လည်ကျင်းပခဲ့ကြောင်း ယခုနှစ်၌ ဆိုင်ခန်းများကို ခရမ်းမြို့မ ရဲစခန်းနှင့်နီးသည့် သွန်းဘုရားကြီးမြောက်ဘက်တွင် ဖွင့်လှစ်ခွင့်မပြုထားကြောင်း သိရသည်။
“အရင်နှစ်တွေကတော့ ဘုရားကြီးသွားလမ်း ရဲစခန်းအနီး မုခ်ဦးအထိ ဆိုင်ခန်းတွေထားရှိပေမယ့် ဒီနှစ်မှာ သူတို့တွေလုံခြုံရေးကြောင့် ဘုရားကြီးတောင်ဘက်အခြမ်းမှာပဲ ဖွင့်ခွင့်ပေးပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြုလုပ်သည့် သွန်းဘုရားကြီးဘုရားပွဲသည် ယခင်ကကဲ့သို့ လူစည်ကားမှု မရှိတော့ကြောင်း ခရမ်းမြို့ခံကဆိုသည်။