By Ko Paing / MPA
ရန်ကုန်မြို့တော်တွင်း မူးယစ်ဆေးဝါးရောင်းချခြင်းကို စစ်တပ် အစေအပါး လူမိုက်များက ချုပ်ကိုင်ထားကြောင်း သိရသည်။
ရန်ကုန်မြို့၊ ဆင်ခြေဖုံးမြို့နယ်များတွင် အခြေစိုက်သော လူမိုက်များသည် ပျူစောထီးအဖွဲ့ဝင်များအဖြစ် စစ်တပ်အလိုကျ လိုက်လံဆောင်ရွက်ပေးသလို တစ်ဖက်တွင်လည်း စစ်တပ်၏ အကာအကွယ်ယူကာ မူးယစ်ဆေးဝါးဖြန့်ချိရေးနှင့် တရားမဝင်လုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေကြကြောင်း ရန်ကုန်မြို့ အခြေစိုက် ရဲသတင်းရင်းမြစ်ထံက သိရသည်။
“WY ရောင်းချင်တဲ့သူတွေက ဇိုးတွေဆီမှာ လိုင်းဝင်ရတယ်။ ဇိုးတွေမှာ သေနတ်လည်းရှိတယ်။ လိုင်းကြေးမပေးဘဲ ဘယ်သူမှ မလုပ်ရဲဘူး။ ဇိုးတွေက နယ်မြေခံအရာရှိကို ပြန်ဂါတယ်။ ရဲလောက်ကို ဇိုးတွေက ဂရုမစိုက်တော့ဘူး။ ရဲတွေက အဖျားအနားပဲ စားရတော့တယ်” ဟု ၎င်းက MPA သို့ပြောသည်။
စစ်တပ်အစေအပါး လူမိုက်များသည် ၎င်းတို့ကြီးစိုးရာနယ်မြေအတွင်း နိုင်ငံရေးနှင့်သက်ဆိုင်သူများ မရှိစေရေးနှင့် ပေါ်တာဆွဲခြင်းတို့ကို စစ်တပ်နှင့်တွဲဖက်ကာ လုပ်ဆောင်ပေးရကြောင်း သိရသည်။
“တခြားမြို့နယ်တွေတော့ မသိဘူး။ ကျတော်တို့ဆီမှာတော့ တစ်ရပ်ကွက်ကို ဆေးရောင်းတဲ့ကောင် သုံး၊ လေးယောက်လောက်ရှိတယ်။ တကယ့်လက်ကြီးဒိုင်တွေက စစ်တပ်နဲ့ တိုက်ရိုက်ချိတ်ထားတယ်။ သူ့လက်ခွဲ ရပ်ကွက်ထဲ ရောင်းတဲ့ကောင်တွေကို ဘယ်သူမှ လာမဖမ်းရဲဘူး” ဟု တောင်ဥက္ကလာပ၊ ခုနှစ်ဆူဘုရားအနီးနေ လူငယ်တစ်ဦးက ပြောသည်။
ရပ်ကွက်ထဲ လက်ခွဲဆေးရောင်းသူတို့မှာ ပြဿနာကင်းစေရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတို့ကို လိုင်းကြေးပေးကြ ကြောင်း ၎င်းက ဆိုသည်။
စစ်တပ်၏ အကာအကွယ်ပေးမှုဖြင့်သာ နယ်စပ်ဒေသများမှ ရန်ကုန်မြို့သို့ မူးယစ်ဆေးများ ဝင်နေခြင်းဖြစ်ကြောင်းလည်း ရဲသတင်းရင်းမြစ်က ဆိုသည်။