By Ra Wai / MPA
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် MNDAA နှင့် အနီးကပ်ပူးပေါင်းလက်တွဲကာ ဆက်လက်ချီတက်သွားမည်ဟု MDY-PDF ကဆိုသည်။
မတ်လ ၁၁ရက်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် MNDAA ၏ ၃၆ နှစ်ပြည့် တပ်မတော်နေ့အခမ်းအနားသို့ MDY PDF က ပေးပို့သော သဝဏ်လွှာတွင် ယင်းသို့ ဖော်ပြထားသလို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့၏ အောင်မြင်မှုများနှင့်အတူ ကိုးကန့်အမျိုး သားတပ်တို့၏ ပြီးမြောက်ခဲ့ပြီဖြစ်သော အိမ်ပြန်ခရီးအတွက် အထူဝမ်းမြောက်ရကြောင်းလည်း ဆိုသည်။
“ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တော်လှန်ရေးဟာ တရုတ်ရဲ့မတော်လောဘနဲ့ မြန်မာပြည်တွင်းရေး ဝင်စွက်ဖက်မှုတွေကြောင့် အပြင်း၊ အပျော့၊ အဖိ၊ အဖော့တွေနဲ့ သွားနေရတာပါ။ ဒါကို အတူတွဲတိုက်နေသူတွေက ပိုပြီးနားလည်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့အချိန်ထိ လားရှိုးကို ဆုပ်ကိုင်ထားနိုင်တာဟာ MNDAA အတွက်ရော နွေဦးတော်လှန်ရေးအ တွက်ပါ အရေးပါတဲ့ အောင်ပွဲပါပဲ။ကျတော်တို့အားလုံး ဆက်လက်ချီတက်ကြဖို့ မျှော်လင့်ပါတယ်”ဟု ရှမ်းမန်းအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ပြောသည်။
၁၀၂၇ စစ်ဆင်ရေးကြီးသည် မြန်မာပြည်သူလူထုတရပ်လုံး၏ အန္တိမမျှော်ရည်ချက်ဖြစ်သော စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် များစွာအထောက်ကူပြုပံ့ပိုးပေးနိုင်ခဲ့ခြင်း၊ ယင်းစစ်ဆင်ရေး၌ MDY PDF အနေဖြင့် MNDAA အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့ကြီးများနှင့် ဟန်ချက်ညီညီ ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ဂုဏ်ယူဝမ်းမြောက်ရကြောင်းလည်း ဆိုသည်။