By Mg Dagon/MPA
စစ်ကောင်စီကပိတ်ထားသော ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ကို မတ်လ ၂၀ ရက်နေ့ကစတင်ပြီး ပြန်လည်လျှောက်ထားခွင့်ပြုမည်ဖြစ်ပြီး ပြည်ပထွက်ခွာပြီး အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် အဆိုပါကတ်ဖြင့်သာ လေယာဉ်လက်မှတ်ဝယ်ရမည်ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
စစ်ကောင်စီက ယခုနှစ် (၂၀၂၅ ခုနှစ်)၊ ဖေဖော်ဝါရီ ၁၄ ရက်ကစတင်ပြီး ကြိုတင်အသိမပေးဘဲ OWIC ကတ်ထုတ်ပေးသည့် လုပ်ငန်းစဥ်ကို ရပ်ဆိုင်းထားခဲ့ရာကနေ ပြန်ထုတ်ပေးတော့မည့်အကြောင်း အလုပ်သမားဝန်ကြီးဌာနဘက်က ယနေ့(မတ်လ ၁၁ရက်)တွင် အသိပေးလာခြင်းဖြစ်သည်။
ပြည်ပသို့ အလုပ်ထွက်လုပ်မည့်သူများစာရင်းစိစစ်ခြင်း၊ OWIC ကတ် ထုတ်ပေးသည့် စက်တပ်ဆင်ထားသော Software များပြုပြင်ခြင်း၊ OWIC ကတ် ထုတ်ပေးရေးစင်တာများ တစ်နေရာတည်းပေါင်းစည်းခြင်း၊ အလုပ်ရှင်/အလုပ်သမား စာချုပ်ချုပ်ဆိုသည့်နေရာများ တစ်စုတစ်စည်းတည်းဖြစ်စေရန်ပြင်ဆင်ခြင်း အစရှိသည့်လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် OWIC ကတ် ထုတ်ပေးရေးလုပ်ငန်းစဥ်ကို ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ယခု OWIC ကတ် ပြန်လည်ထုတ်ပေးမည့်သူများကိုလည်း စစ်ကောင်စီဘက်က ကန့်သတ်ထားသည်ကိုတွေ့မြင်ရပြီး စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ပထွက်အလုပ်လုပ်ခွင့်ရထားသူများနှင့် မိမိအစီအစဉ်(ကျွမ်းကျင်)ဖြင့် သွားရောက်မည့်သူများကိုသာ စိစစ်ထုတ်ပေးသွားမည်ဟု ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ယခုထုတ်ပြန်ချက်အရ အောက်ခြေလုပ်ငန်းလုပ်ကိုင်မည့်သူများ၊ စစ်မှုထမ်းသက်အတွင်း အကြုံးဝင်နေသူများအနေဖြင့် ထိုကတ်လျှောက်ခွင့်မရနိုင်ဘဲ လျှောက်ထားပါကလည်း ပယ်ချခံရနိုင်သည်ဟု ပြည်ပထွက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူများက နားလည်နေကြသည်။
“သမီးက ဂျပန်သွားမလို့လုပ်နေတာ၊ စစ်မှုထမ်းသက်ဝင်နေတယ်။ အခု ထုတ်ပြန်ချက်အရ သမီးတို့သွားခွင့်မရှိဘူးလားမသိဘူး။ ဘာလို့ဆို သူတို့ပြောတဲ့အချက်နှစ်ခုစလုံးနဲ့ သမီးကမညီဘူးဖြစ်နေတယ်” ဟု ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်ပြင်ဆင်နေသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။ ယင်းအမျိုးသမီးငယ်သည် လတ်တလော ရန်ကုန်မြို့တွင် ဂျပန်စကားပြောသင်တန်းများ တက်ရောက်လျက်ရှိသည်။
ထို့အပြင် စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ၎င်းတို့ထုတ်ပေးမည့် OWIC ကတ်ဖြင့်သာ လေယာဉ်လက်မှတ်ဝယ်ယူရမည်ဟု ဆက်လက်ပြောဆိုထားသည်။
Passport for Job(PJ) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပထွက် အလုပ်လုပ်ကိုင်မည်ဆိုပါက OWIC ကတ်ရရှိမှသာ လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။
“သင်္ဘောပြန်တက်မလို့လုပ်နေတာ၊ ဒါပေမဲ့ အဲဒီ OWIC ကတ်ဆိုတာကြီးက ပိတ်ထားတော့ ထွက်မရဘူးဖြစ်နေတယ်။ အခုတော့ ပြန်ဖွင့်ပေးမယ်ဆိုတော့ ပြန်ထွက်ရတာပေါ့ဗျာ” ဟု ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်တွင်နေထိုင်သူ နိုင်ငံခြားသင်္ဘောတွင် လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိနိုင်ငံခြားသင်္ဘောတစ်ခုပေါ်တွင် အောက်ခြေသိမ်းအလုပ်များလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးကလည်း နောက်တစ်ကြိမ်သင်္ဘောတက်မည်ဆိုပါက အခက်အခဲတွေ့မည်ကို စိုးရိမ်နေသည်။
“အခုတက်ဖို့လုပ်တုန်းကတော့ အဆင်ပြေတယ်။ အဲဒီ OWIC ကတ်လည်း အဆင်ပြေခဲ့တယ်။ နောက်ဆိုရင် ဘာဆက်ဖြစ်ဦးမလဲမသိဘူး။ ကျတော်က စစ်မှုထမ်းနဲ့ဆိုရင် အသက်နည်းနည်းငြိနေသေးတယ်။ အဲဒါကြောင့် စိုးရိမ်နေရတယ်” ဟု အသက် ၃၄ နှစ်အရွယ်ရှိနေသူ ၎င်းက ပြောသည်။
ထို့အပြင် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက PJ နိုင်ငံကူးလက်မှတ်နှင့် OWIC ကတ် လက်ဝယ်ရှိထားသူများအနေဖြင့် အေဂျင်စီအစီအစဥ်ဖြင့်သော်လည်းကောင်း၊ မိမိအစီအစဥ်(ကျွမ်းကျင်)ဖြစ်သော်လည်းကောင်း၊ ခွင့်ပြန်လာပြီး ခွင့်ရက်စေ့၍ ပြန်လိုခြင်းကြောင့်လည်းကောင်း ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ အွန်လိုင်းက လျှောက်ထားကာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ရယူရမည်ဟု နောက်ထပ် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ထားသည်။
ထိုအလုပ်သမားများအနေဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံ လိပ်မူထားသည့် ပြည်ပထွက်အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်လျှောက်ထားသည့် စာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ သက်တမ်းရှိနေသေးသည့် OWIC ကတ်မိတ္တူ၊ ခွင့်ပြန်အလုပ်သမားဆိုပါက သက်တမ်းကျန်ရှိနေသေးသည့် အလုပ်လုပ်ခွင့်ပါမစ်မိတ္တူ၊ အလုပ်ရှင်ထံမှ ခွင့်စာ၊ အေဂျင်စီနှင့် သွားရောက်မည့်သူဆိုပါက သက်ဆိုင်ရာ နိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်နေသည့် အီးမေးလ်များ တင်ပြရန်နှင့် မိမိအစီအစဥ်ဖြင့် သွားရောက်မည့်သူများအနေဖြင့် သတ်မှတ်အထောက်အထားများနှင့်အတူ ပေးပို့လျှောက်ထားရန်နှင့် အနည်းဆုံး ရုံးပိတ်ရက်မပါ ငါးရက်ကြိုတင်လျှောက်ထားရန် အသိပေးထားသည်။
ထိုသို့လျှောက်ထားမှုများကို စိစစ်ပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ခွင့်ပြုသည့် စာရင်းများကို Safe Migration Telegram ချန်နယ်ကတစ်ဆင့် ကြေညာပေးမည်ဖြစ်သကဲ့သို့ သက်ဆိုင်ရာ လေဆိပ်များထံ ပေးပို့ထားမည်ဖြစ်ကြောင်းနှင့် ယင်းလုပ်ငန်းစဥ်များကို မတ်လ ၁၇ ရက်ကစတင်ပြီး ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။
OWIC ကတ် ထုတ်ပေးသည့်လုပ်ငန်းစဥ် မရပ်ဆိုင်းမီက အသက် ၁၈ မှ ၃၅ နှစ်အတွင်းရှိသူ အမျိုးသားများကို ထိုကတ်ထုတ်မပေးသကဲ့သို့ ပြည်ပထွက်အလုပ်လုပ်ခွင့်ကိုလည်း စစ်ကောင်စီဘက်က တားဆီးထားသည်။