By Mg Dagon/ MPA
အာဏာသိမ်းစစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် ရွေးကောက်ပွဲကို ၎င်းတို့လက်အောက်ခံ အောက်ခြေတပ်သားနှင့် မိသားစုဝင်များက မေးခွန်းထုတ်ပြောဆိုမှုများရှိနေသကဲ့သို့ စိတ်ဝင်စားမှုမရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ယခုနှစ် (၂၀၂၅ ခုနှစ်) ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟု စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဘယ်လာရုစ်ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုထားသည်။
“သူက ရွေးကောက်ပွဲလုပ်ဖို့သာပြောနေတာ၊ လူတွေက မရှိဘဲ ဘယ်လိုလုပ်မလဲစဉ်းစားလို့မရဘူး။ အခု ဗန်းမော်အခြေအနေကိုကြည့်ပါဦး။ ဘယ်နားမှာ ရွေးကောက်ပွဲသွားလုပ်မှာလဲ။ ကျမတို့တော့ လက်သင့်မခံဘူး။ စိတ်လည်းမဝင်စားဘူး။ ကျမတို့တပ်ထဲကလူတွေအများစုလည်း အဲဒီလိုပဲ” ဟု ကချင်ပြည်၊ ဗန်းမော်မြို့ရှိ ဝါရင့်တပ်သားတစ်ဦး၏ ရဲမေတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ခေါင်းဆောင်များအနေဖြင့် ယခုကဲ့သို့ ကျိုးကြောင်းမဆီလျော်သည့်လုပ်ရပ်များ ပြုလုပ်နေမည့်အစား အောက်ခြေရှိ တပ်သားများ နေ့စဉ် ထိခိုက်၊ သေဆုံးနေမှုများ ရှိနေသည့်အတွက် ပိုမိုဂရုစိုက်ပေးသင့်ကြောင်း ၎င်းက ပြောဆိုသည်။
“ဆုံးရှုံးနေတာတွေကို ပြန်ရအောင်လုပ်ရမှာ၊ ဒါပေမဲ့ အခုအခြေအနေက မဖြစ်နိုင်တော့ပါဘူး။ ကျမတို့အောက်ခြေမှာ တော်တော်လေး ဆိုးရွားနေတယ်။ ဗန်းမော်မှာ ကျမတို့နေခဲ့တဲ့တပ်က ပြာပုံပဲရှိတော့တယ်။ အခုအားလုံး တပ်မ ၂၁ ထဲမှာ စုနေနေရတယ်။ ဘယ်နေ့ သေရမလဲမသိဘူး” ဟု ၎င်း၏ စစ်သက် နှစ် ၃၀ ကျော်ရှိ အမျိုးသားနှင့် တစ်လျှောက်လုံးစစ်တပ်ပေါင်းများစွာတွင်နေထိုင်ဖူးသူ အသက် ၅၀ ကျော်အရွယ်ရှိအမျိုးသမီးက ပြောသည်။
စစ်တပ်ဘက်က မဲလိမ်သည်ဟုဆိုကာ အာဏာသိမ်းခဲ့သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၎င်းတို့စစ်တပ်အတွင်း ရွေးကောက်ပွဲကျင်းပနေချိန် အမျိုးသားများ ရှေ့တန်းထွက်နေသော်လည်း မဲပေးရာ၌ ပါဝင်သွားသည်ကို နောက်ပိုင်းမှသိရှိခဲ့ရကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။
“ရှေ့တန်းရောက်နေတဲ့စစ်သား ၂၀၀ ဆို အဲဒီ ၂၀၀ လုံးရဲ့ မဲတွေ မဲပုံးတွေထဲ ရောက်သွားတာပဲ၊ တကယ်တော့ ဘယ်သူမှ မဲကောင်းကောင်းပေးခဲ့ကြရတာမဟုတ်ဘူး။ ကျမတို့လည်း သူတို့ပေးဆိုတဲ့ ပါတီပုံနဲ့ နာမည်ကိုပဲ ပေးခဲ့ကြတာ။ ပါတီနာမည်က မပြောချင်ပေမဲ့ အားလုံးသိကြမယ်ထင်ပါတယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။
လတ်တလော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့အတွင်း စစ်ကောင်စီတပ်ဘက်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေသည်ဟု မန္တလေးမြို့ရောက် တပ်မိသားစုဝင် ဗန်းမော်မြို့မှ စစ်ဘေးရှောင်အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
“မြို့လယ်အထိ ပြန်ပြီးစိုးမိုးထားနိုင်ပြီလို့ အဲဒီမှာရှိတဲ့အသိတွေက ပြောတယ်။ ဒါပေမဲ့ မြို့က ဗုံးနဲ့ လက်နက်ကြီးဒဏ်ကြောင့် ပြာပုံလိုဖြစ်နေပြီတဲ့၊ ပြန်သွားရင်တောင် အိမ်နေရာကို မှတ်မိပါ့မလားမသိဘူး” ဟု အဆိုပါအမျိုးသမီးက ပြောသည်။
ထို့သို့ပြောဆိုနေသော်ငြားလည်း ဗန်းမော်မြို့ရှိစစ်တပ်များအတွင်းရှိ အရာရှိများသည် KIA ဘက်က မတိုက်မီကတည်းက ထွက်ပြေးသူနှင့် ပိုက်ဆံပေးပြီး အခြားမြို့များသို့ အထူးသဖြင့် မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့သို့ တိမ်းရှောင်ထားနှင့်ပြီးဖြစ်ကြောင်း အောက်ခြေတပ်မိသားစုဝင်များက ပြောသည်။
လက်ရှိ ဗန်းမော်မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က သေဆုံးသည့် တပ်သားအများအပြားတွင် စစ်မှုထမ်းသင်တန်းဆင်းအမြောက်အမြားပါဝင်ပြီး ကျန်ရှိနေသည့်စစ်သား အများစုမှာလည်း ၎င်းတို့ပင်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်မြို့၊ တပ်မြို့နယ်ဖြစ်သည့် မင်္ဂလာဒုံရှိ တပ်တစ်ခုမှ ဝါရင့်ရဲမေတစ်ဦးကလည်း စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိတ်မပါဝင်စားဘဲ နယ်မြေဆုံးရှုံးမှုများနေချိန် မည်ကဲ့သို့ရွေးကောက်ပွဲကျင်းပမည်ကို မတွေးတတ်ကြောင်း ပြောသည်။
“ကျမကတော့ သူတို့ထည့်ဆိုရင်တော့ (မဲ)ထည့်ရမှာပေါ့နော်၊ အခုက ယောင်္ကျားရှိနေလို့သာ၊ ပြီးတော့ ဒီထဲမှာနေတာက နှစ်ပေါင်း ၂၅ နှစ်တောင်ကျော်လာပြီလေ၊ တခြား အပြင်မှာလည်း ဘာမှမလုပ်စားတတ်တော့ဘူး။ အဲ့ဒါကြောင့် ပေကပ်ပြီးနေနေရတာ၊ အခု တပ်ထဲကလူတွေကလည်း အရင်လို အဘ(စစ်ခေါင်းဆောင်)တို့ကို အားသိပ်မရကြတော့ဘူး။ ကျမတို့သားတွေပဲဆုံးနေရပြီး အနိုင်ရတာကလည်း ဘာမှမရှိဘူးလေ” ဟု သားဖြစ်သူ ဗိုလ်ကြီး ဆုံးရှုံးထားသော ဝါရင့်စစ်သားတစ်ဦး၏ ဇနီးလည်းဖြစ်သည့် ၎င်းက ပြောသည်။
စစ်ကောင်စီရွေးကောက်ပွဲကို နောက်အကျဆုံး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ်နှင့် အစောဆုံး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာနောက်ဆုံးပတ်တွင် ပြုလုပ်သွားမည်ဟု ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က ရုရှားနှင့် ဘယ်လာရုစ်ခရီးစဉ်မှပြန်လာသည့် ဇော်မင်းထွန်းက နေပြည်တော်စစ်တပ်လေဆိပ်၌ စစ်ကောင်စီမီဒီယာများကို ပြောကြားခဲ့သည်။
၎င်းတို့လုပ်မည့်ရွေးကောက်ပွဲကို ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့က ထဲထဲဝင်ဝင် ထောက်ခံကာ လေ့လာ စောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ပြောထားသည်။