By Ko Paing / MPA
စစ်သားများအား ဧည့်ခံကျွေးမွေးရသဖြင့် ဧည့်စာရင်းလာစစ်မည်ကို ရန်ကုန်မြို့ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကြောက်နေကြကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ဧည့်စာရင်းစစ်လာသည့် စစ်သားများကို ဧည့်ခံကျွေးမွေးရခြင်းမှာ အစဉ်အလာတစ် ရပ်လိုဖြစ်နေပြီး အရက်၊ဘီယာဖြင့် ဧည့်ခံရပါက ကျပ်နှစ်သိန်း၊သုံးသိန်းကုန်ကျကာ အပြန်တွင် လက် ဖက်ရည်ဖိုးတောင်းသည့် စစ်သားများလည်း ရှိကြောင်း ရန်ကုန်မြို့ရှိ ရဲသတင်းရင်းမြစ်ထံက သိရသည်။
“လက်ဖက်ရည်လောက်သောက်၊ထမင်းကြော်လောက်စားပြီး ပြန်သွားတဲ့ကောင်တွေဆို တော်သေး တာပေါ့။တော်တော်များများက အရက်တောင်မသောက်ချင်ဘူး၊ ဘီယာမှ။ နှစ်သိန်း၊ သုံးသိန်းက အသာလေးပဲ။ အဲလိုမှ မသိတတ်ရင်လည်း စစ်သားတွေဆဲတာ ခံရတာကိုး” ဟု ၎င်းက MPA သို့ပြောသည်။
ရန်ကုန်မြို့တွင် စီးပွားရေကျပ်တည်းလာသည်နှင့်အမျှ လောင်းကစား၊ မူးယစ်ဆေး၊ ပြည့်တန်ဆာ စသည့် တရားမဝင်လုပ်ငန်းများလည်း ပေါများလာကာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်း လိုင်းကြေးရကြကြောင်း အတောင်းအရမ်းရဲသော အုပ်ချုပ်ရေးမှူးအချို့က ရပ်ကွက် အတွင်းစစ်မှုထမ်းကြေးလည်း ကောက်ခံလေ့ရှိကြောင်း သိရသည်။
“စစ်မှုထမ်းကြေးပါကောက်တဲ့ အုပ်ကြီးတွေက သူတို့မြို့နယ်က တာဝန်ကျတပ်အရာရှိကို လိုင်းကြေး ပုံမှန်ပေးထားသေးတယ်။ အဲဒီလိုအုပ်ကြီးတွေကတော့ ဧည့်စာရင်းစစ်လာလည်း ကောင်းကောင်း ဧည့်ခံနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နှင့် ဝါဆိုရပ်ကွက်တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်လျှင် ကျပ်တစ်သောင်း လစဉ်ကောက်ခံနေကြောင်း ယင်း ရပ်ကွက်သားအချို့ထံက သိရသည်။
လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးကလည်း “ကျတော်တို့ ရပ်ကွက်ထဲ ဧည့်စာရင်းစစ်တဲ့ညဆို အုပ်ကြီး ရုံးမှာ စစ်သားတွေ သောက်စားပျော်မြူးနေတာချည်းပဲ” ဟု ပြောသည်။
စစ်မှုထမ်းသင်တန်းများ စတင်ပြီးနောက် မိမိတို့သားသမီးများကို စစ်မှုထမ်းသင်တန်းအပို့ခံရမည်စိုးသဖြင့် ရပ်ကွက်အတွင်း အုပ်ချုပ်ရေးမှူးတို့ အာဏာ ပိုကြီးလာကြောင်း ၎င်းက ဆိုသည်။