By Maung Dagon /MPA
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနှင့် ဘယ်လာရုစ်ခရီးစဉ်အတွင်း ထပ်မံဝယ်ယူလာသည့် စစ်လက်နက်များဖြင့် ပိုမိုတိုက်ခိုက်ခံရမည်ကို မြန်မာပြည်တစ်ဝန်းမှ ဗုံးဒဏ်ခံနေရသည့်ပြည်သူအများ စိုးရိမ်နေကြသည်ဟု စုံစမ်းသိရှိရသည်။
စစ်ခေါင်းဆောင်အနေဖြင့် ထိုနိုင်ငံများသို့ မတ်လ သုံး ရက်နေ့မှ ကိုးရက်နေ့အထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။
“စိုးရိမ်ချက်တော့ ခရီးစဉ်မရှိလည်း ရှိနေပါတယ်။ မင်းအောင်လှိုင်ကတော့ ကျားနာတစ်ကောင်လိုပဲ၊ သူက သေတဲ့ထိ ပြည်သူတွေကို ဆက်ယုတ်မာမှာမလို့ သူ့ယုတ်မာမှု စက်ကွင်းကနေ အတတ်နိုင်ဆုံးလွတ်အောင် ဉာဏ်နဲ့ယှဉ်ပြီး နေထိုင်နေကြရပါတယ်” ဟု မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေသူ အသက် ၃၅ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ဆက်လက်ပြီး ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့ထံမှ လက်နက်အများအပြားကို စစ်ကောင်စီအနေဖြင့် တိတ်တဆိတ် ထပ်ရလာနိုင်ပြီး အဆိုပါလက်နက်များဖြင့် ပြည်သူများကို အဆုံးထိဒုက္ခပေးနိုင်သကဲ့သို့ စစ်ကောင်စီဘက်ကလည်း ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ ထုတ်လုပ်သည့် လက်နက်ကုန်ကြမ်းများကို အဆိုပါနိုင်ငံများဆီသို့ ပေးပို့နိုင်သည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။
“အခုထက်တော့ မြေပြင်က ပိုကြီးလာနိုင်စရာမရှိတော့ဘူးလို့ နားလည်ပါတယ်။ ဘာကြောင့်ဆို တပ်ပြုန်းတီးနေလို့ပါ၊ လေကြောင်းကတော့ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်” ဟု စစ်ရေးအကြောင်းစောင့်ကြည့်လေ့လာနေသူတစ်ဦးလည်းဖြစ်သည့် ယင်းအမျိုးသားက ပြောသည်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ စစ်ရှောင်အမျိုးသားတစ်ဦးကလည်း စစ်ကောင်စီအနေဖြင့် အထက်ပါနိုင်ငံများထံမှ လက်နက်ပိုမိုရရှိလာပါက စစ်ရေးပိုမိုအားကောင်းလာနိုင်ပြီး လေကြောင်းပိုမိုတိုက်ခိုက်ခံရမည့်အရေး အလွန်စိုးရိမ်နေကြောင်း ပြောသည်။
“အဲဒီအတွက် လက်နက်အင်အား ပိုရရှိလာရင် စစ်ရေးတွေပိုအားကောင်လာနိုင်တယ်။ စစ်ရေးတွေရှုပ်ထွေးလာတဲ့အခါမှာ ဒီဘက်မှာအဓိကစိုးရိမ်ချက်ကတော့ လေကြောင်းပဲ။ ဒီနှစ်ထဲမှာ သူတို့တွေ ဆက်တိုက်လေကြောင်းကြဲတာတွေ ရှိနေတာဆိုတော့လေ” ဟု ၎င်းက ပြောသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း လေကြောင်းရန်ကို နေ့စဉ်ကြောက်ရွံ့နေရသကဲ့သို့ ယခုကဲ့သို့ လက်နက်ဆန်းများရရှိလာမည်ဆိုပါက ပိုမိုစိုးရိမ်ဖွယ်ဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် ယခုနောက်ပိုင်းနှစ်များအတွင်း လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာရယူခြင်းအပါအဝင် ဗုံးခိုကျင်းကဲ့သို့ ကာကွယ်ရေးလုပ်ငန်းစဉ်များ ပိုမိုပြုလုပ်လာခဲ့သည်ဟု ဗုံးဒဏ်ခံစားနေရသည့် ဒေသများတွင် နေထိုင်သူများက ပြောသည်။
“အခုဆို လေကြောင်းရန်ကြောင့် ဗုံးခိုကျင်းတူးတာတွေ ဆက်တိုက်လုပ်လာတယ်။ အရင်က လေကြောင်းပစ်ခံရတဲ့ဒေသတွေမှာရော၊ လေကြောင်းပစ်ခတ်ခြင်းမရှိပေမဲ့ ကြိုတင်ကာကွယ်မှုအနေနဲ့ ဗုံးခိုကျင်းတွေ ဆောက်လုပ်လာတာတွေ ရှိနေတယ်” ဟု အသက် ၃၀ ကျော်အရွယ် စစ်ကိုင်း ဒေသခံလည်းဖြစ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့နှင့်နီးစပ်သည့် ထောက်ပို့ အမျိုးသားတစ်ဦးက ပြောသည်။
လတ်တလော စစ်ကောင်စီတပ်သည် အညာဒေသအပါအဝင် လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများအတွင်းသို့ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ လေယာဉ်များအပါအဝင် စက်တပ်လေထီးများ၊ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
“သူတို့(စစ်ကောင်စီ)က လေကြောင်းကို ပိုတိုးလုပ်လာနိုင်တယ်။ အခုခရီးစဉ်ကနေ လက်နက်တွေလည်း ထပ်ရလာနိုင်တယ်လို့ယူဆပါတယ်။ စစ်ဘောင်ပိုကျယ်လာမဲ့ သဘောပေါ့။ သူ့နောက်မှာ တရုတ်ကလည်း ကျားကန်ပေးထားတော့ ပိုအားကောင်းသွားတယ်။ အရင်က ရွေးကောက်ပွဲလုပ်မယ်ဘဲ ပြောနေတာ၊ ရက်အတိအကျမပြောရဲဘူး။ အခု ရုရှား၊ ဘယ်လာရုစ်ခရီးစဉ်မှာ ဒီဇင်ဘာမဟုတ်ရင် လာမယ့်နှစ် ဇန်နဝါရီမှာကျင်းပမယ်လို့ပြောလိုက်တာက အားကိုးအတော်ရှိသွားပြီဆိုတဲ့သဘောပဲ၊ ဇွတ်လုပ်လိမ့်မယ်” ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးက မှတ်ချက်ပေးသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက စစ်ကောင်စီခေါင်းဆောင်၏ ရှမ်းပြည်တောင်ပိုင်းခရီးစဉ်အတွင်း ဆုံးရှုံးနယ်မြေများပြန်လည်ရရှိနိုင်ရန် အားစိုက်လုပ်ဆောင်မည်ဟု ပြောဆိုအပြီး စစ်ကောင်စီတပ်၏ တစ်ခုတည်းသော အားသာချက်ဖြစ်သော လေကြောင်းမှတိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးမှုများလည်း ယခင်နှစ်များကထက် ပိုမိုမြင့်တက်လာခဲ့သည်။
ရုရှားဘက်ကလည်း ၂၀၁၈ ခုနှစ်တုန်းက ချေးငွေစနစ်ဖြင့် ချုပ်ဆိုထားသည့် အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် SU-30 SME အသံထက် နှစ်ဆမြန်သော တိုက်လေယာဉ် ခြောက်စင်း၏ နောက်ဆုံး နှစ်စင်းကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ အပြီးသတ်ပို့ဆောင်ပေးခဲ့သည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနှင့် ဘယ်လာရုစ်တို့သို့သွားရောက်သည့် မတ်လခရီးစဉ်အတွင်း စစ်လက်နက်ဝယ်ယူမှုများနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များ သတင်းထွက်ပေါ်လာခြင်း မရှိသေးပေ။
သို့သော် ရုရှားနိုင်ငံနှင့် စစ်ကောင်စီတို့ကြား နျူကလီးယားစက်ရုံတည်ဆောက်ရေးအပါအဝင် သဘောတူစာချုပ် ၁၀ ခုအထိလက်မှတ်ရေးထိုးနိုင်ခဲ့သကဲ့သို့ ဘယ်လာရုစ်နိုင်ငံနှင့်လည်း သဘောတူစာချုပ် ၁၃ ခုအထိ ရေးထိုးနိုင်ခဲ့သည်ဟု နှစ်ဖက်ထုတ်ပြန်ချက်များအရ သိရသည်။