By Zwe Ko / MPA
စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းမရှိသည့် ပဲခူးတိုင်းအနောက်ခြမ်း၊ ပဲခူးရိုးမနှင့် ကပ်လျက်ရှိသည့် ကျေးရွာများ၌ ပေါ်တာဆွဲမှုများ များပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (မတ်လ ကိုးရက်)၊ နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းနှစ်ကြောင်းခွဲကာချောင်းခွဂျီ၊ ကျွန်းလှကုန်း၊ ၀င်းသရက်၊ ကြယ်နီကုန်း၊ ကွင်းကျယ်၊ သပြေစမ်း၊ ဒေါင်းကြီး၊ ဒေါင်းလေး၊ ဒေါင်းစပါးကွင်း စသည့်ကျေးများကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် လူငယ် ၁၀ဦးခန့်အား ဖမ်းဆီးသွားကြောင်း ဒေါင်းကြီးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“အင်းအားက များတယ်။ ကားတွေဆိုင်ကယ်တွေနဲ့ရောက်လာကြတာ၊ လူငယ်တွေ၊ အမျိုးသားတွေအကုန်ထွက်ပြေးကြတာ၊ ပြေးရင်နဲ့ သူတို့အဖွဲ့နဲ့ပိတ်မိပြီး ပါသွားတဲ့သူတွေလည်းရှိတယ်။ ဝင်းသရက်ရွာက ခြောက်ယောက်နဲ့အခြားရွာ တွေကရောဆို ၁၀ယောက်ထက် မနည်းဘဲ ဖမ်းသွားတာ၊ စစ်မှုထမ်းခိုင်းဖို့ ဖမ်းသွားတာ၊ ရွာသားတွေကို ဖမ်းပြီး စစ်ကြောင်းက ပြန်ဆုတ်သွားတယ်။ ရွာကလူငယ်တွေလည်း ပြန်ရဲတဲ့သူကပြန် မပြန်ရတဲ့သူက မပြန်ရသေးဘူး ”ဟု ၎င်းကပြောသည်။
အဆိုပါကျေးရွာများတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများသည် တော်လှန်ရေးရဲဘော်များ၏ မကြာခဏ ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးယန္တရားလုံး၀မလည်ပတ်နိုင်တော့သည့် ကျေးရွာများဖြစ်ကြောင်း အုတ်ဖိုမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
” အခုရွာတွေမှာက အုပ်ချုပ်ရေးမှူးတွေမရှိတော့ဘူး။ အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကလည်း အနည်းဆုံး လေးယောက်လောက်ရှိတယ်။ အဲ့ဒီတော့ အငြိုးထားပြီး လူငယ်တွေကို ဝင်ဖမ်းတာဖြစ်မယ် ” ဟု ၎င်းက ပြောသည်။
ပဲခူးရိုးမအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက သပြေစမ်းကျေးရွာအနီး၌ မိုင်းစွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ထိရောက်မှုမရှိခဲ့ကြောင်း တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူး မိုးကြိုးလေးက ပြောသည်။
“ မိုင်းဆွဲတာက သိပ်မထိလိုက်ဘူး။ အဲ့ဒါကြောင့် စစ်ကြောင်းက ဆက်ထိုးလာပြီး သပြေစွမ်းရွာထိပ်က နေအိမ်နှစ်လုံးကို မီးရှို့သွားတယ်။ ဆိုင်ကယ် လေးစီးလည်း မီးထဲပါတယ်သွားတယ်။ ရွာသားတွေလဲ ရှောင်နေရတယ် ” ဟု မိုးကြိုးလေးက ပြောသည်။
ထို့ပြင် စစ်ကောင်စီစစ်ကြောင်းသည် ပြည်သူများကို ပေါ်တာဆွဲခြင်းအပြင် စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်အတွင်းမှ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူမှုများပြုလုပ်ခဲ့ကြောင်း သပြေစမ်းကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“အိမ်တွေအဖောက်ခံထားရတယ်။ ရွှေတွေ၊ ငွေတွေပါသွားတဲ့အိမ်တွေရှိတယ်။ ကြက်တွေ၊ ဘဲတွေလည်းအခိုးခံလိုက်ရတယ်။ စစ်ကြောင်းက ထန်းပင်ချောင်ရွာဘက် ပြန်ဆုတ်သွားပြီ၊ တိုက်ပွဲက ဖြစ်မှာလား မသိဘူး။ ရွာမှာမနေရဲဘူး။ အထုပ်ပြင်ထားရတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိ ပဲခူးတိုင်းအနောက်ခြမ်း၌ စစ်မှုထမ်းအပတ်စဉ် တစ်ခုအတွက် အနည်းဆုံး လူ ၄၀ စုဆောင်းပေးရမည်ဖြစ်ပြီး စစ်မှုထမ်းငှားရမ်းခ ငွေကြေးမစုဆောင်းနိုင်သည့် ကျေးရွာများနှင့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ အသတ်ခံရသည့် ကျေးရွာများကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံအနှံ့ တိုက်ပွဲများရှုံးနိမ့်မှုကြောင့် စစ်အင်အား လိုအပ်ချက်ဖြစ်ပေါ်နေသည့် စစ်ကောင်စီသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး စစ်သားစုဆောင်းခြင်းများ လုပ်ဆောင်သည့်အပြင် လမ်းသွားလမ်းလာပြည်သူများကိုလည်း အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး၍ စစ်သားအဖြစ် စုဆောင်းမှုများ ပြုလုပ်လျက်ရှိသည်။