By Bala/ MPA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နားဟီးအုပ်စု၊ အုန်တိုင်းကျေးရွာရှိ ရှမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရနှင့် ကပ္ပိယဖြစ်သူ ဦးအိုက်ပီးအား သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ၏ အရေးယူမှုအတိုင်း ကျေနပ်စွာ လက်ခံသွားမည်ဟု ပျားစစ်ကြောင်း၏ စစ်ကြောင်းမှူး Honda က ပြောသည်။
ပြီးခဲ့သည့် မတ်လ လေးရက်နေ့က ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရနှင့် ကပ္ပလိဖြစ်သူ ဦးအိုက်ပီးတို့သည် ပျားစစ်ကြောင်း ရဲဘော်များ၏ သတ်ဖြတ်မှုကြောင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ရခြင်းဖြစ်သည်။
“ကျတော်တို့အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး စုံစမ်းအရေးယူမှုတွေလုပ်ဆောင်နေပါတယ်။ ဒီနေရာမှာတော့ အမှန်တရားအတိုင်း မှားခဲ့လို့ အပြစ်ပေးရင်လဲ လက်ခံသွားမယ်။ ကျတော်တို့ရှောင်ပြေးမှာမဟုတ်ပါဘူး။ ပြည်သူ့ဆန္ဒသဘောအတိုင်း လုပ်ဆောင်သွားမှာပါ”ဟု ပျားစစ်ကြောင်း၏ စစ်ကြောင်းမှုး Hondaက ပြောသည်။
ယမန်နေ့(မတ် ကိုးရက်)က ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရနှင့် ကပ္ပိယဖြစ်သူ ဦးအိုက်ပီးအား သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပျားစစ်ကြောင်း၏ ဝန်ခံချက်၊သဘောထားနှင့် ထုတ်ပြန်ချက်ကို ဖယ်ခုံမြို့နယ် ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့-PK Police က လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)အား MPAမှ မေးမြန်းရာ ပျားစစ်ကြောင်း၏ သတ်ဖြတ်မှုဖြစ်စဉ်အပေါ် မြေပြင်ရှိတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ ပျားစစ်ကြောင်း၏ တာဝန်ရှိများနှင့်တွေ့ဆုံခဲ့ကြောင်းနှင့် ထိန်းသိမ်းထားရှိသူများလည်းရှိကြောင်း IEC ဒုဥက္ကဌ ခွန်ဘီထူးက ပြောသည်။
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေရော၊ လက်လွတ်စပယ်သတ်ဖြတ်မှုတွေရော၊ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေရောပေါ့၊ ဒါတွေအားလုံးကို အသေးစိတ်စုံစမ်းမှုရှိမယ်။ IECအနေနဲ့က ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်သူတွေကအပြစ်ရှိပြီးတော့ ဘယ်သူတွေကအမှုကျူးလွန်နေလဲဆိုတာကိုတော့ မှတ်ချက်မပြောလိုဘူး။ ဒါကတရားရေးကိစ္စဖြစ်တယ်။ တရားရုံးကနေဒီအမှုကို ဆွဲတင်သွားလိမ့်မယ်။ ဒီအမှုကိုလည်း public ကြား နာမှုရှိအောင် လုပ်သွားပေးဖို့ကတော့ ကျတော်တို့တာဝန်ဖြစ်ပါတယ်”ဟု IEC ဒုဥက္ကဌ ခွန်ဘီထူးက ပြောသည်။
ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရနှင့် ဦးအိုက်ပီးတို့ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး တရားမျှတမှုရရှိရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် သျှမ်းအဖွဲ့အစည်း ၁၄ခုက တောင်းဆိုထားကြောင်း ဖယ်ခုံသျှမ်းလူငယ်များအသင်း(Phekon Shan Youth Network)၏ တာဝန်ခံ Sai Botato Soya ကပြောသည်။
“သူတို့ဘက်က အမှန်တရားဖော်ထုတ်ပေးဖို့၊ တရားမျှတမှုလုပ်ပေးဖို့လိုအပ်တယ်။ အမှန်တရားကိုရတဲ့အချိန်ထိ ပြည်တွင်းပြည်ပက သျှမ်းအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်။ အခုက သျှမ်းအဖွဲ့အစည်း ၁၄ဖွဲ့အပြင် ထပ်မံပူးပေါင်းလာတဲ့အဖွဲ့တွေလဲရှိပါတယ်။ နောက်ထပ်ကန့်ကွက်စာတစ်စောင်ထုတ်ဖို့ရှိပါသေးတယ်။ အမှန်တရားမရရှိပါက မကြာမီရက်ပိုင်းအတွင်း ဘန်ကောက် UN ရုံးထိ စာတင်ပြသွားဖို့ ကြိုးစားလုပ်ဆောင်သွားမယ်”ဟု Sai Botato Soya က ပြောသည်။
လက်ရှိတွင် ပျားစစ်ကြောင်း၏ စစ်ကြောင်းတာ၀န်ခံများနှင့် လူသတ်မှုဖြစ်စဉ်အတွင်းပါ၀င်ခဲ့သည့် တပ်ဖွဲ့၀င်များအား IECမှ စုံစမ်းစစ်ဆေးနေပြီး အမှုကြားနာမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း IEC ဒုဥက္ကဌ ခွန်ဘီထူးက ပြောသည်။
ပျားစစ်ကြောင်း၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဆရာတော်နှင့် ကပ္ပိယတို့ကို မတ် ငါးရက်က အုံတိုင်းကျောင်းနေရာ၌ သင်္ဂြိုဟ်ခဲ့ကြောင်းလည်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။