By Ra Wai / MPA
စစ်ကောင်စီရွေးကောက်ပွဲကို ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့က ထဲထဲဝင်ဝင် ထောက်ခံကာ လေ့လာ စောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဇော်မင်းထွန်းကပြောသည်။
ရွေးကောက်ပွဲကို နောက်အကျဆုံး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ်နှင့် အစောဆုံး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာနောက်ဆုံးပတ်တွင် ပြုလုပ်သွားမည်ဟုလည်း မတ်လ ၉ ရက်၊ ရုရှားမှပြန်လာသည့် ဇော်မင်းထွန်းက နေပြည်တော်စစ်တပ်လေဆိပ်၌ စစ်ကောင်စီမီဒီယာများအား ပြောကြားခဲ့သည်။
“ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစလုပ်မနေနဲ့၊ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရုရှားမှ မြန်မာသို့ ပြန်လည်ထွက်ခွာလာစဉ် လေယာဉ်ပေါ်တွင် စစ်ကောင်စီလက်အောက်ခံမီဒီယာများအား ပြောသည်။
ပါတီစုံဒီမိုကရေစီကို ယုံကြည်လျှင် အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် မင်းအောင်လှိုင်က ပြောသည်။
စစ်ကောင်စီပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲအချိန်ကို မင်းအောင်လှိုင်က ဘီလာရုစ်ခရီးစဉ်၌ စတင်ပြောကြားခဲ့သည်။
မင်းအောင်လှိုင်နှင့်အဖွဲ့သည် ရုရှားနှင့် ဘီလာရုစ်နိုင်ငံသို့ မတ်လသုံးရက်မှ ကိုးရက်အထိ တစ်ပတ် ကြာ သွားရောက်ခဲ့သည်။