By Poesangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အချင်းချင်း ပြဿနာဖြစ်ပွားမှုကို မလိုလားကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်ခုနှစ်ရက်၊ ညနေ လေးနာရီခန့်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သည် အင်အား တစ်ရာခန့်ဖြင့် ကွတ်ခိုင်မြို့အရှေ့မြောက်ဘက်ရှိ မော်ဟန်ရွာသို့ ဝင်ရောက်လာခြင်းကြောင့် TNLA တပ်များနှင့် အငြင်းပွားမှုဖြစ်ပွားခဲ့သည်။
ထိုကဲ့သို့ အငြင်းပွားမှုဖြစ်ပွားပြီးနောက် TNLA က KIA တပ်များကို မော်ဟန်ရွာမှ ဖယ်ရှားခိုင်းခဲ့ပြီး နမ့်ဖတ်ကာ ကျေးရွာဘက်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ ဒီလိုပြဿနာက လုံး၀မဖြစ်သင့်ဘူးလို့ မြင်တယ်။ အရင်ကဆို ကိစ္စတစ်ခုခုကို ညှနှိုင်းလို့ရခဲ့ပေမဲ့ အခုက ညှိနှိုင်းလို့မရတဲ့ဟာတွေဖြစ်လာတယ်။ လူမျိုးရေး မုန်းတီးမှုတွေဖြစ်လာနိုင်တယ်။ နားလည်တဲ့သူတွေကတော့ နားလည်တယ်။ အဖွဲ့အစည်းတွေမပြောနဲ့ သူငယ်ချင်းအချင်းချင်း၊ ဆွေမျိုးအချင်း ပြဿနာဖြစ်လာနိုင်တယ်။ ဒီလိုအဖြစ်မျိုးတွေကိုတော့ မလိုချင်ဘူး ” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း KIA နှင့် TNLA တပ်များအကြား ခကြာခဏဖြစ်ပွားနေသည့် နယ်မြေအငြင်းပွာမှု ပြဿနာများကို ပြေလည်ရန် ညှိနှိုင်းအဖြေရှာသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါကိစ္စရပ်များကို နှစ်ဖက် တွေ့ဆုံ ဖြေရှင်းမှုများ မပြုလုပ်ဘဲ ယခုအတိုင်း ထားရှိပါက တပ်နှစ်တပ်ပြဿနာမှ ဒေသခံ လူမျိုးစုများအကြား လူမျိုးရေးမုန်းတီးမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အပြင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကိုလည်း ဒေသခံများက စိုးရိမ်မှုများရှိနေသည်။
” အခုလိုကိစ္စတွေကတော့ မဖြစ်သင့်တဲ့အရာတွေပေ့ါနော်၊ တအာင်းသူငယ်ချင်းရှိတယ်။ ကချင်သူငယ်ချင်းရှိတယ်။ အချင်းချင်းဆဲဆိုတာတွေ၊ တစ်ဆိုင်ထဲ အတူတကွ ထိုင်တာတွေကနေ အဆင်မပြေတော့တဲ့ အနေအထားရှိလာနိုင်တယ်။ ပြီးတော့ အိမ်နီးနားချင်းတွေ၊ မိတ်ဆွေတွေ မခေါ်မပြောဖြစ်လာနိုင်တယ်။ အခုလိုဆက်ဖြစ်နေရင် လူထုကြားမှာ အချင်းချင်း မျက်နှာပူရတယ်” ဟု ကွတ်ခိုင်ဒေသခံ ကချင်လူငယ် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း နမ့်ဖတ်ကာနှင့် ကွတ်ခိုင်ကြားရှိ KIA စခန်းတစ်ခုကို TNLA တပ်များရောက်ရှိလာပြီး နှစ်ဖက် တပ်များအကြား ပြဿနာဖြစ်ပွားခဲ့သေးသည်။
ယခုကဲ့သို့ KIA နှင့် TNLA တို့အကြား မကြာခဏ ပြဿနာဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာန နှင့် KIA၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားမှုမရှိသေးပေ။
ကွတ်ခိုင်မြို့နယ်၌ ကချင်၊ တအာင်း၊ ကိုးကန့်၊ လီဆူး၊ ဗမာ၊ ခိုလုံလီရှော၊ မြောင်ဇီစသည့် တိုင်းရင်းသားများ အတူတကွနေထိုင်သည့် မြို့တစ်မြို့ဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင်ကတည်းက KIA၏ ဆက်ဆံရေးရုံးစိုက်ထားသည့် မြို့တစ်မြို့လည်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် TNLA က ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အား ထိန်းချုပ်ခဲ့ခြင်းလည်းဖြစသ်ည်။ ထိုကဲ့သို့ TNLA က မြို့အား ထိန်းချုပ်ပြီးနောက် KIA တပ်များနှင့် မကြာခဏ အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။
သို့သော် TNLA က ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များသို့ အခြား တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်လာမည်ဆိုပါက ကြိုတင်အကြောင်းကြားပြီးမှသာ ဝင်ရောက်ရန် ပန်ကြားထားသော်လည်း အကြောင်းကြားမှုမရှိခြင်းကြောင့် ပြဿနာများဖြစ်ပွားရခြင်းဖြစ်သည်ဟု လွတ်လပ်သည့် သတင်းဌာနများ၌ TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ လေးယွေဦးက ဖြေကြားထားသည်။
ယမန်နှစ်(၂၀၂၄ခုနှစ်)၊ မေလကလည်း နမ့်ခမ်းမြို့နယ်၊ ရွှေလီမြစ်ကမ်းဘေးရှိ ကျေးရွာတစ်ရွာ၌ တပ်စွဲထားသည့် SSPP တပ်များကို TNLA တပ်က ကားဖြင့်တင်ဆောင်ကာ မူဆယ်မြို့အနီးရှိ ကျေးရွာဘက်သို့ နှင်ထုတ်ခဲ့သေးသည်။