By Nway / MPA
မြန်မာ့နွေဦးတော်လှန်ရေး၌ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် နိုင်ကျဉ်းဟောင်း LGBT စာရေးဆရာမ စောဟန်နွေဦးသည် မတ်လ ကိုးရက် ည ကိုးနာရီကျော်က ၉၆ ပါးရောဂါဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်၌ အသက် ၂၈နှစ်သာရှိသေးသည့် စာရေးဆရာမ စောဟန်နွေဦး သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နှင့် မဲဆောက်မြို့တို့တွင် ငါးလကြာ ဆေးဝါးကုသမှုခံယူခဲ့ပြီးနောက် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း စာရေးဆရာမ စောဟန်နွေဦးနှင့် နီးစပ်သည့် မဲဆောက်မြို့၌ နေထိုင်သူတစ်ဦးက ပြောသည်။
” သူ့ဘဝလေး ငြိမ်းချမ်းသွားတာပေါ့လို့ တွေးမိပေမဲ့ ထွက်သွားတာ တအားစောလွန်းတယ်လေ။ အသက်ငယ်ငယ်လေးရှိသေးတာ။ ပြောစရာစကားလုံးမရှိအောင် ကြေကွဲရပါတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
၂၀၂၁ခု စက်တင်ဘာတွင် စစ်ကောင်စီက စောဟန်နွေဦးကို ပုဒ် မ ၅၀၅ – က ဖြင့် ဖမ်းဆီးခဲ့ပြီး ၂၀၂၁ခု အောက်တိုဘာ၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကာ စစ်ကြောရေး၌ ၎င်းကြုံတွေ့ခဲ့ရသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအား ထုတ်ဖော်ပြောကြားခဲ့သည်။
လူမှုကွန်ရက်တွင်လည်း စောဟန်နွေဦးကွယ်လွန်ခြင်းကို ၎င်း၏ မိတ်ဆွေများ၊ ရဲဘော်ရဲဘက်များက ဝမ်းနည်းကြောင်း ရေးသားထားကြသည်။
” ဒီနွေဦး မှာတော့ စောဟန်နွေဦးဆိုတဲ့ နွေဦးပန်းလေး တစ်ပွင့်ဟာ ကြွေလွင့်ခဲ့ပြန်ပါပေါ့။ အစော အားလုံးကို တကယ်ထားခဲ့ပါပြီ။ ကောင်းရာဘုံဘဝ ရောက်ရှိပါစေ ” ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ရေးသားထားသည်။
ယနေ့ ( မတ် လ ၁၀ရက် ) မွန်းလွဲပိုင်း၌ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ သုသာန်တစ်ခုတွင် စောဟန်နွေဦး၏ ဈာပနကို ပြုလုပ်ခဲ့ကြောင်း သိရသည်။