By Nway / MPA
မြန်မာစစ်အုပ်စုကို ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်းအပေါ် ကြိုဆိုကြောင်း Justice For Myanmar က မတ်လ ၈ရက်၌ သတင်းထုတ်ပြန်သည်။
ကနေဒါနိုင်ငံက အာဏာသိမ်းမြန်မာစစ်တပ်၊ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်၃၃ ခြေမြန်တပ်မဌာန ချုပ်နှင့် စစ်ကောင်စီအဖွဲ့ဝင်၊ဝန်ကြီးနှင့်ဒုဝန်ကြီး စုစုပေါင်း ၁၃ဦးတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း မတ်လခုနှစ်ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ အခု ကနေဒါဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်အုပ်စုကို ခိုင်မာတဲ့သတင်းစကားပါးလိုက်တာဖြစ်ပေမယ့်လည်း စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ရပ်တန့်ဖို့အတွက် လုပ်ဆောင်စရာအများကြီး လိုအပ်နေပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
ကနေဒါနိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကြေညာချက်တွင် နိုင်ငံတကာအသိုင်းအဝန်း အနေဖြင့် မြန်မာစစ်အစိုးရအား လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာပံ့ပိုးမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုအားလုံးကို ရပ်ဆိုင်းရန်၊ စစ်အစိုးရနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံ စစ်လက်နက်၊ စက်ပစ္စည်း၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများနှင့် နည်းပညာအကူအညီများ လွှဲပြောင်းရောင်းချမှုများကို ရပ်ဆိုင်းရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။
” ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထိရောက်ဖို့ဆိုရင် စုပေါင်းညှိနှိုင်းချမှတ်တာမျိုး၊ စစ်အုပ်စုရဲ့ ကွန်ရက်တစ်ခုလုံးကို ပစ်မှတ်ထားတာမျိုး လုပ်ဆောင်သင့်ပါတယ်။မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ ရာဇဝတ်စီးပွားဂိုဏ်းကို မဖြစ်မနေ ဖျက်သိမ်းရပါမယ်” ဟု မရတနာမောင်က ပြောသည်။
ကနေဒါနိုင်ငံနှင့် ၎င်း၏မိတ်ဖက်များအနေဖြင့် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာများနှင့် လေယာဉ်ဆီ ရင်းမြစ်များကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများအား တိုးချဲ့ချမှတ်ရန် Justice For Myanmar က တောင်းဆိုထားသည်။
စာတည်း-ML