By Nway / MPA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအနီးရှိ တပ်မတော်တန်းမြင့်လေ့ကျင့် ရေးကျောင်း (တတက -၁၃ )တွင် စက်တပ်လေထီးပြေးလမ်း တည်ဆောက်နေကြောင်း သိရသည်။
စက်တပ်လေထီးပြေးလမ်း စတင်ဖောက်လုပ်သည့်အချိန်ကိုမသိသေးသော်လည်း လက်ရှိတွင်မူ ဖောက်လုပ်နေဆဲဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောသည်။
” လေယာဉ်ပြေးလမ်းဆောက်ဖို့ဆိုရင် အချိန်တွေအကြာကြီး ငွေကြေးအများကြီး အကုန်အကျခံပြီး ဆောက်ရမှာလေ။ ခုက နဂိုကတည်းက ရဟတ်ယာဉ်ကွင်းရှိပြီးသားဆိုတော့ သူတို့ Paramotor ပေါ့ စက်တပ်လေထီးတွေ ဆင်းဖို့ ဆောက်တယ်လို့ ယူဆရပါတယ် ” ဟု ၎င်းက MPA သို့ပြောသည်။
စစ်တပ်က စက်တပ်လေထီး အသုံးပြုမှုကို တန်ပြန်ဖျက်ဆီးနိုင်ရန် တော်လှန်ရေးအင်အားစုများအနေနှင့် ကြိုးစားကြရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
” စစ်တပ်က နည်းမျိုးစုံသုံးလာတဲ့အတွက် ပြည်သူလူထုကတော့ ပိုပြီး အကျပ်အတည်းတွေခံစားလာရတာပေါ့နော်။ လူထုကလည်း သတိထားနေပြီး ဗုံးခိုကျင်းတွေမှာ နေကြဖို့လိုပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
တတက ၁၃တပ်သည် မြစ်ကြီးနား – ဗန်းမော် – မန္တလေးကားလမ်းပိုင်းရှိ မိုးမိတ်မြို့သို့သွားသော လမ်းဆုံတွင် တည်ရှိပြီးစစ်တပ် အရာရှိများကို သင်တန်းပေးသည့် တန်းမြင့်သင်တန်းကျောင်းဖြစ်ကာ ရဟတ်ယာဉ်ကွင်းလည်းရှိကြောင်း သိရသည်။
၂၀၂၄ခု၊ ဩဂုတ် ၁၇ရက်တွင် တတက ၁၃ ကို PLAနှင့် မဟာမိတ်တပ်များက ဘက်နှစ်ဘက်မှ ပိတ်ဆို့ထားခဲ့သော်လည်း ၂၀၂၄ခု၊ နိုဝင်ဘာ ၁၅ရက်မှ စတင်၍ စစ်တပ်က မြေပြင်ရောဝေဟင်ကပါ ထိုးစစ်ဆင်လာခဲ့ရာ ဒီဇင်ဘာငါးရက်၌ တွင်းငယ်ကျေးရွာအား တော်လှန်ရေးတပ်ဖွဲ့များက လက်လွှတ်ခဲ့ရသည်။