By Nway / MPA
ပဲခူးတိုင်း၊ ပြည်မြို့တွင် စစ်မှုထမ်းတစ်ဦးလျှင် ကျပ်သိန်း ၇၀ ပေးမည်ဟုဆိုကာ စစ်ကောင်စီတပ်က လူ လိုက်ဝယ်နေကြောင်း သိရသည်။
အင်းမမြို့အခြေစိုက် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် (တမခ ၆၆) မှစစ်ဗိုလ်တစ်ဦးအပါအဝင် စစ်သားသုံးယောက်သည် ပြည်မြို့ပေါ် ကျူးကျော်ရပ်ကွက်များရှိ အခြေခံလူတန်းစားများကို အဓိကထားကာ စစ်မှုထမ်းရန် လူလိုက်ဝယ်နေကြောင်း ပြည်မြို့နယ်အခြေခံပညာကျောင်း သားများသမဂ္ဂထံက သိရသည်။
” မြို့ပေါ်မှာလူခွဲပြီး လူရှာကြတယ်။ တပ်ထဲလိုက်ရင် တစ်ယောက်ကို သိန်း၇၀ ရမယ်လို့ပြောပြီး စည်းရုံးပါတယ်” ဟု ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသက်နှင်းအောင်က MPA ကို ပြောသည်။
ယင်းသို့ လူလိုက်ဝယ်ခြင်းကို ပြည်မြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မခေါ်ဘဲ ၎င်းတို့ဘာသာ လုပ် ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
” ခြောက်ရက်နေ့(မတ်လခြောက်ရက်)က မြို့ပေါ်က လက်ဖက်ရည်ဆိုင်မှာ သူတို့ ( စစ်သားများ ) ပြောတာတော့ နှစ်ယောက်ရပြီ၊ နောက်ထပ်တစ်ယောက်လိုနေတယ်လို့ပြောပါတယ်” ဟု ၎င်းက ဆက်လက်သည်။
လူငယ်များအနေဖြင့် စစ်မှုထမ်းဥပဒေကို ငြင်းဆိုကာ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ပြီး တော်လှန်ရေးဆုံးခန်းတိုင်သည်အထိ တိုက်ပွဲဝင်ကြရန် ကိုသက်နှင်းအောင်က တိုက်တွန်းသည်။
စစ်မှုထမ်းအပတ်စဉ် ၁၀ သင်တန်းကို ဖေဖေါ်ဝါရီ၁၇ရက်တွင် နိုင်ငံတစ်ဝန်းရှိ စစ်သင်တန်းကျောင်း များ၌ ဖွင့်လှစ်ခဲ့သည်။