By Nway / MPA
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့ရန် ဆွစ်ဇာလန်နိုင်ငံကို Justice For Myanmar က တောင်းဆိုလိုက်သည်။
စစ်အုပ်စု ထိန်းချုပ်ထားသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာသည့်အချိန်အထိ ဆွစ်ဇာလန်နိုင်ငံသည် MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရန် ပျက်ကွက်ခဲ့ကြောင်း Justice For Myanmar က ဆိုသည်။
” သုံးနှစ်ကျော်ကြာတဲ့အထိ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်ခဲ့ခြင်းဟာ ဆွစ်ဇာလန်နိုင်ငံ အ နေနဲ့ အန္တရာယ်ရှိတဲ့ ကယ်ပေါက်တစ်ခုကို ဖန်တီးပေးလိုက်တာပါ။ ဒီကယ်ပေါက်က အီးယူနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထိခိုက်ပျက်ပြားစေရုံသာမက ဆွစ်ကုမ္ပဏီ တွေကို မြန်မာနိုင်ငံရဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ကြောင်း မီးစိမ်းပြလိုက်တာ ဖြစ်ပါတယ် ” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
စစ်အုပ်စုသည် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် အဆင်ခြင်မဲ့လေကြောင်း တိုက်ခိုက်ခြင်းတို့ကို ဆက်လက်ကျူးလွန်ရန် လိုအပ်သည့် စစ်လက်နက်၊လေယာဉ်ဆီများ ဝယ်ယူရန် ဓာတ်ငွေ့ဝင်ငွေများအား အသုံးပြုနေကြောင်း မရတနာမောင်က ပြောသည်။
” ဆွစ်ဇာလန်နိုင်ငံအနေနဲ့ အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြည့်အဝအကောင်အထည်ဖော်ခြင်း နဲ့အတူ အဲ့ဒီ ကယ်ပေါက်ကို ပိတ်လိုက်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ဆွစ်ဇာလန်သည် MOGE နှင့် ၎င်း၏ မိတ်ဖက်များက ဆွစ်ဘဏ္ဍာရေးစနစ်ကို အသုံးပြုနိုင်ရန် ဆွစ်ကုမ္ပဏီများအား မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပါဝင်လုပ်ကိုင်ခွင့်ရှိသည့် ကယ်ပေါက်တစ်ခု ဖန်တီးပေးခဲ့ပြီး ၎င်းသည် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ထိခိုက်ပျက်ပြားစေကြောင်း JFM က ဆိုသည်။
ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍသည် စစ်အုပ်စုအတွက် အကြီးဆုံးသောနိုင်ငံခြားဝင်ငွေရင်းမြစ် ဖြစ်ပြီး စစ်အုပ်စု ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် လိုအပ်သည့် စစ်လက်နက်များ၊ လေယာဉ်ဆီများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုလျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
MOGE ၏ နိုင်ငံတကာငွေလွှဲမှုများအတွက် အသုံးပြုသည့် လက်ရှိစစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်သည် ဆွစ်ဇာလန်နိုင်ငံ၌ အပြန်အလှန် ငွေလွှဲဘဏ်စနစ်ဆက်ဆံရေးများ ရှိထားကြောင်း JFM ကထုတ်ပြန်ထားသည်။