By Ko Paing / MPA
ရန်ကုန်တိုင်းအတွင်းရှိ စစ်မှုထမ်းစာရင်းဝင်လူငယ်များကို စစ်ကောင်စီတပ်က အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးကာ သင်တန်းကျောင်းပို့နေကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၀ စတင်ခဲ့ပြီး အဓမ္မစုဆောင်းထားသူ လူ ၅၀၀ ကျော်ကို တိုက်ကြီးနှင့် လှည်းကူးမြို့နယ်ရှိ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကြောင်း ယင်း လူ ၅၀၀ ကျော်အနက် အိမ်ထဲအထိ ဖမ်းဆီးခံရသူအများဆုံးဖြစ်ကြောင်း Rangoon Scout Network ထံက သိရသည်။
“စစ်မှုထမ်း လူစာရင်းအတိုင်း အိမ်ထိ လာဆွဲသွားတာ အများဆုံးပါ။ ဖြစ်စဉ် တိတိကျကျ မသိလိုက်ရတာတွေ များပါတယ်ဗျ။ တခြား လမ်းမပေါ်လိုက်ဆွဲပြီး ထည့်လိုက်တာတွေနဲ့ မူးယစ်ဆေးသမားတွေကို ဖမ်းပြီးထည့်လိုက်တာတွေလည်း များပါတယ်ဗျ”ဟု Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
စစ်ကောင်စီတပ်သည် ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များအပြင် တာမွေနှင့်မင်္ဂလာတောင်ညွန်မြို့နယ် တို့ရှိ လူစည်ကားရာ လမ်းမများပေါ်တွင်ပါ ပေါ်တာဆွဲနေကြောင်း သိရသည်။
“ညဘက်တွေ အဓိကလှုပ်ရှားကြပါတယ်။ မီးပျက်ပြီး မှောင်နေချိန်ဆို သူတို့ အချိန်တွေပါပဲဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်တိုင်း၌ ဖေဖေါ်ဝါရီအတွင်း လမ်းမပေါ် ဖမ်းဆီးခံရသူ ၁၀၆ ဦး ၊ ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၆၃ ဦး၊ သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၅၉ ဦးနှင့် ဖမ်းဆီးသည့်ပုံစံ မသိရဘဲ ချုပ်နှောင်ခံထားရသူ ငါးဦး ရှိခဲ့ကြောင်း Rangoon Scout Network က ထုတ်ပြန်ထား သည်။