By Ko Paing / MPA
ဖေဖေါ်ဝါရီအတွင်း ရန်ကုန်တိုင်း၌ စစ်ကောင်စီတပ်၏ ကနဦး ဖမ်းဆီးခြင်းခံရသူ ၂၃၃ ဦး ရှိကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။
ဖမ်းဆီးခံရသူများအနက် ၅၄ ဦး ပြန်လွတ်လာပြီး ရှစ်ဦးကို ပြန်မလွှတ်တော့ကြောင်း အတည်ပြုနိုင်ခဲ့ကာ ၁၇၁ ဦးမှာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်ခြင်း ရှိ မရှိ နောက်ဆက်တွဲ မသိရှိရကြောင်း ဖမ်းဆီးခံရမှုအများဆုံးမှာ လမ်းပေါ် တွေ့ရာလိုက်ဆွဲ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ လမ်းမပေါ် လိုက်ဆွဲတာတွေက စစ်မှုထမ်း လူစုဆောင်းဖို့ အတွက်ပါ။ ချက်ချင်းလိုက်နိုင်ပြီး ငွေနဲ့ ပြန်ရွေးရင်တော့ ပြန်ထုတ်လို့ ရတတ်တယ်။ ငွေက ၁၀ သိန်းကနေ သိန်း ၄၀ ဝန်းကျင်ထိ တောင်းတတ်ပါတယ်ဗျ”ဟု Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
လမ်းမပေါ် တွေ့ရာ လိုက်ဆွဲ၍ ဖမ်းဆီးခံရသူ ၁၀၆ ဦး ရှိပြီး ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၆၃ ဦး၊ သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၅၉ ဦးနှင့် ဖမ်းဆီးသည့်ပုံစံ မသိရဘဲ ချုပ်နှောင်ခံထားရသူ ငါးဦး ရှိခဲ့ကြောင်း Rangoon Scout Network က ထုတ်ပြန်သည်။
“ဧည့်စစ်တာကတော့ သူတို့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း စစ်ပြီး ဧည့်မတိုင်ထားတဲ့သူတွေကို ဖမ်းတာပါ။ သတင်းတစ်ခုခု ရထားရင်လည်း စစ်ပြီး ရမ်းဖမ်းတတ်ပါတယ်။ဒဏ်ကြေး တစ်သိန်းဝန်းကျင်လောက်ပေးပြီး ပြန်လွတ်လာကြတာ များပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် စစ်ရေးလှုပ်ရှားသူများ၊ သပိတ်လှုပ်ရှားသူများဟု စွပ်စွဲ၍ ဖမ်းဆီးခံရသူ လူငယ် သုံး ဦး ရှိခဲ့ပြီး အဆိုတော် လင်းလင်း၏ ရောင်နီသီချင်း လမ်းဘေးတွင် တီးခတ်နေခြင်းကို အားပေးအားမြှောက်လုပ်၍ဟုဆိုကာ ငါးဦး ဖမ်းဆီးခံရကြောင်းလည်း ထုတ်ပြန်ထားသည်။